မြန်မာပြည်ဘက်မှလာသည့် စိတ်ကြွဆေး ၁ သိန်းကျော် ဖမ်းမိဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ဓာတ်ပုံ - thairath
မြန်မာပြည်ဘက်က သယ်ဆောင်လာတဲ့ ကာလတန်းဖိုး ဘတ် ၁ သန်းကျော်ရှိတဲ့ စိတ်ကြွဆေးပြား ၁ သိန်းကျော်ကို မြန်မာတဦး အပါအ၀င် လူ ၃ ဦးထံမှ ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက ချွန်းပူးရီးခရိုင် အမှတ် ၂ တိုင်းဒေသရဲဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချွန်းပူးရီးခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဆုရဖုန်း ၀ိရတ်ယိုးထင်းက သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ သန်းခေါင်ကျော်အချိန်မှာ အသက် ၂၉ နှစ်ရွယ် ထိုင်းလူမျိုး နိုင်းဖိရယုဒ် ရဲ့ မော်တော်ကားထဲကနေ စိတ်ကြွဆေးပြားအလုံးရေ ၂၀၀ ကို ချွန်းပူးရီးခရိုင် ဖတ်ထယားမြို့မှာ အရင်ဦးစွာဖမ်းမိခဲ့ပါတယ်။ ထိုသူကနေတဆင့် ကွင်းဆက်လိုက်လံ စုံစမ်းခဲ့ပြီး အဲဒီကနေ မူးယစ်ဆေးဝယ်ယူသူ အယောင်ဆောင်ကာ အသက် ၂၈ ရွယ်ရှိ မြန်မာလူမျိုး ကိုကျော်ကျော်သိန်းနဲ့ အသက် ၄၃ နှစ်ရှိ ထိုင်းလူမျိုး နိုင်းဆုထိရတ် တို့ထံကနေ နောက်ထပ် စိတ်ကြွဆေးပြား အလုံးရေ ၁ သိန်း ၁ သောင်းကို မနက် ၃ နာရီအချိန် ပထုံဌာနီခရိုင် ဘန်ကောက်တက္ကသိုလ်အနီး စားသောက်ဆိုင်နားမှာ ဖမ်းမိခဲ့တယ်လို့ ချွန်းပူရီး ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရသူထဲမှ နိုင်းဆုထိရတ်ရဲ့ ဖွင့်ဟ၀န်ခံချက်အရ အဆိုပါ စိတ်ကြွဆေးပြားတွေဟာ မြန်မာပြည်က ရှမ်းလူမျိုး အိုက်ခမ်းဆိုသူရဲ့ အချိတ်အဆက်တွေဆီက ရခဲ့တာဖြစ်ပြီး နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထိ သယ်ဆောင်ပေးခ တကြိမ်ကို ဘတ် ၅ သိန်းရခဲ့ပြီး ဒါနဲ့ပါဆိုရင် နှစ်ကြိမ်သယ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ချစ်သူနဲ့ မကြာခင်မင်္ဂလာဆောင်မှာမို့ ငွေလိုအပ်လို့ လုပ်မိကြောင်း၊ ဒါဟာ နောက်ဆုံးအကြိမ်ပဲလုပ်မယ်လို့ ဆုံးဖြတ်ကာမှ အခုလိုအဖမ်းခံရတာလို့ ၀န်ခံကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

More News
Up