Home
ဆောင်းပါး
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တစေ့တစောင်း
DVB
·
February 22, 2016
၂၀၁၆ နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်နီလင်းစ်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ ထိပ်သီးခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ အစည်းအဝေးကြီးကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ အာဆီယံ အသိုက်အ၀န်း တည်ဆောက်ပြီးတဲ့ အချိန်ကစပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန်ခေါင်းဆောင်ပိုင်းတို့ရဲ့ ပထမဆုံး အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ အာဆီယံနိုင်ငံတွေရဲ့ အရေးပါတဲ့ အပြောင်းအလဲကာလနဲ့ တိုးများလာတဲ့ အမေရိကန်-အာဆီယံ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံရေးကို အထိမ်းအမှတ်ပြု ကျင်းပခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်တခုက အာရှ-ပစိဖိတ်ဆိုင်ရာ အမေရိကန် နိုင်ငံရေးမူဝါဒနဲ့ ကုန်သွယ်ရေးမူဝါဒကို ပြောင်းလဲပြီးနောက်ပိုင်း ဒီကနေ့ အမေရိကန် အာဏာရ ဒီမိုကရက်တစ်ပါတီ အစိုးရ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒအရ “အမေရိကန်ရဲ့ အနာဂတ်ဟာ အာရှ-ပစိဖိတ်ဒေသရဲ့ အနာဂတ်နဲ့ ဆက်စပ်နေပြီး အာရှ-ပစိဖိတ်ဒေသရဲ့ အနာဂတ်ဟာလည်း အမေရိကန်ပေါ်မှာ မူတည်တယ်” လို့ ယူဆ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ကာလအတွင်း အမေရိကန်မြေပေါ်မှာ ပထမဆုံး ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ နောက် အရေးပါတဲ့ အရာတခုကတော့ ၂၀၁၅ မှာ စတင်လိုက်တဲ့ အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) တည်ဆောက်မှုဖြစ်တဲ့ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် အခုကျင်းပပြီးစီးခဲ့တဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးဟာ အရေးပါတဲ့ အစည်းအဝေးတခုလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံရဲ့ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးကို သမိုင်းတင်တဲ့ ရွေးကောက်ပွဲတခုအဖြစ် ပြောဆိုသွားသလို ဆောင်ရွက်နေဆဲ အပြောင်းအလဲတွေက နိုင်ငံကို မျှော်လင့်ချက် ပေးနိုင်လာမှာဖြစ်ပြီး ညီညွတ် ငြိမ်းချမ်း ဒီမိုကရေစီ ရရှိလာတော့မှာ ဖြစ်တယ်လို့ ထည့်သွင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့တာ တွေ့ရပါတယ်။ အင်္ဂါနေ့မှာတော့ သူက သူနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျော့ပါးအောင်လုပ်ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့ပြီး နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း တရားဥပဒေနဲ့ ညီညွတ်တဲ့ ဖြေရှင်းမှုမျိုးနဲ့ပဲ ဖြေရှင်းသွားသင့်တယ် ဆိုတဲ့အပေါ် သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးကတော့ အငြင်းပွားမှုတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်လို့ သဘောတူညီမှု မရခဲ့သေးပါဘူး။ ဥပမာ အာဆီယံဥက္ကဋ္ဌ ဖြစ်နေတဲ့ လားအို့စ်နိုင်ငံနဲ့ သူ့အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွေက တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် စီးပွားရေးအရ ထိစပ်ဆောင်ရွက်နေတာကြောင့်လည်း ပါပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ “နောက်ထပ် နယ်မြေပိုင်နက် တောင်းဆိုမှုတွေကို ရပ်ဆိုင်းထားဖို့ အပါအ၀င် တင်းမာမှုတွေကို လျှော့ချဖို့ တောင်တရုတ်ပင်လယ်အရေးမှာ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်တဲ့ ခြေလှမ်းတွေ လိုအပ်နေတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။” လို့ ပြောကြားခဲ့ပြီး “အာဆီယံနိုင်ငံတွေက ရှင်းလင်းတဲ့ သဘောထားကို ညီညီညွတ်ညွတ် ပြောဆိုနိုင်တဲ့အချိန်မှာ အဲဒါက တိုးတက်ကောင်းမွန်တဲ့ လုံခြုံရေး၊ အခွင့်အလမ်းနဲ့ လူ့ဂုဏ်သိက္ခာတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်” လို့လည်း သူက ဆက်ပြောသွားခဲ့ပါတယ်။ တကယ်တော့ တောင်တရုတ်ပင်လယ်အရေးဟာ ပင်လယ်ရေပိုင်နက် အားလုံးနီးပါးကို သူပိုင်တယ်လို့ တောင်းဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ သူတို့လည်း ပိုင်တယ်လို့ အပြိုင်တောင်းဆိုနေခဲ့ကြတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ အကြားမှာ တင်းမာမှု ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့တာ ကာလ အတော်ကြာခဲ့ကြတဲ့ အကြောင်းကို ကျနော် အစောပိုင်းမှာ ဆောင်းပါးရေးသား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အရေး မျက်ခြည်မပြတ်တဲ့ စာဖတ်သူတွေအားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ ဆွေးနွေးပွဲ အတော်များများမှာ ဒီကိစ္စဟာ အတော်ကြီး အကဲဆတ်ခဲ့တဲ့ ကိစ္စတခု ဖြစ်ခဲ့သလို ခု အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမှာလည်း အကဲဆတ်တဲ့၊ လက်ရှောင်ချင်ကြတဲ့ ကိစ္စတခု ဖြစ်နေဆဲပဲလို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ဖော့ခ်ဆ်သတင်းဌာနရဲ့ အရပ်ဘက် အာကာသ ဂြိုဟ်တုဓာတ်ပုံ ကိုးကားဖော်ပြချက်အရ တရုတ်စစ်တပ်က တောင်တရုတ်ပင်လယ်ပြင်ထဲက အငြင်းပွားနေတဲ့ ကျွန်းတကျွန်းပေါ်မှာ အဆင့်မြင့် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်တခုကို ချထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ ဒေသတွင်းသာမက နိုင်ငံတကာရဲ့ အလေးထားမှုပါ ရှိလာတဲ့ အရေးတခု ဖြစ်လာခဲ့ပြီး မကြာခင်ကပဲ မြောက်အန္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုးကလည်း အာဆီယံအဖွဲ့ကြီးရဲ့ ဒေသတွင်း ဘုံအနာဂတ် လုံခြုံရေးကိစ္စမှာ သူတို့ရဲ့ ဘက်စုံကာကွယ်ရေး အစီအမံတွေနဲ့ ၀င်ရောက်ကူညီ ဆောင်ရွက်ပြီး တခြား သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကူညီဖို့ အာဆီယံ အဖွဲ့ကြီးနဲ့ ဆွေးနွေးပြီးခဲ့တာ မကြာသေးတဲ့ကာလလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးမှာ တရုတ်ကို အလေးပေး ဆွေးနွေးတာမျိုး မလုပ်တော့ဘဲ အချက် ၁၇ ချက်ပါ အမေရိကန်-အာဆီယံ ပူးတွဲကြေညာချက်တခုကို သမ္မတ အိမ်ဖြူတော် ပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ နယ်နိမိတ် တည်တန့်ခိုင်မြဲရေး၊ တန်းတူညီမျှရေးနဲ့ နိုင်ငံရေးလွတ်လပ်မှုတွေကို ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၊ အာဆီယံစာချုပ်နဲ့ နိုင်ငံတကာ ဥပဒေတွေရဲ့ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူဝါဒတွေကို အခိုင်အမာ ထိန်းသိမ်းပြီး လေးစားလိုက်နာရေးကစလို့ ချမ်းသာကြွယ်ဝမှုတွေ၊ ရေရှည်ခံပြီး အားလုံးပါဝင်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှဝေဖို့၊ လူငယ်တွေကို အပြန်အလှန် အကျိုးရှိစေဖို့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုတွေ ရေရှည်ဆက်လက် တည်ရှိဖို့ ပြုစုပျိုးထောင်ပေးရေး။ အားကောင်း၊ အကန့်အသတ်မထား၊ ယှဉ်ပြိုင်မှုကို ဦးတည်တဲ့ စီးပွားရေးရဲ့ အရေးပါမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တည်းမှုနဲ့ ဆန်းသစ်ပြောင်းလဲမှု၊ စီးပွားရေး စွန့်စားဆောင်ရွက်လိုမှု၊ ဆက်စပ်ဆောင်ရွက်မှုတွေကို အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုကို ကျဉ်းသွားစေတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ရေး။ ဒီမိုကရေစီကို အားကောင်းလာစေပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို မြှင့်တင်ပေးနိုင်တဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းလိုက်နာမှု၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးရေးတွေ လုပ်ဆောင်ဖို့ အဓိဋ္ဌာန်ကို အသေအချာ ကိုင်စွဲပြီး ဒေသတွင်း ပြည်သူတွေကို အခွင့်အလမ်း ရရှိစေရေး။ နိုင်ငံအားလုံးရဲ့ အထူးအခွင့်အရေးတွေနဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး စည်မျဉ်းအခြေပြု ဒေသတွင်းနဲ့ နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်တွေကို အခိုင်အမာ လိုက်နာစောင့်ထိန်းရေးတွေ…. ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ သဘောတူညီချက် (UNCLOS) နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေမူဝါဒနဲ့အညီ ခြိမ်းခြောက်တာ၊ အင်အားသုံးတာမျိုး မလုပ်ဘဲ ဥပဒေနဲ့ သံတမန်ရေးရာ လုပ်ငန်းစဉ်တွေကို အပြည့်အ၀ လေးစားရေး အပါအ၀င် အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက် ချမှတ်ရေး ဆောင်ရွက်မှုတွေကို မျှဝေရေး….။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှု၊ တရားမ၀င် မသိရဘဲ စည်းမျဉ်းစဉ်းကမ်း မညီညွတ်တဲ့ ငါးဖမ်းမှုတွေ၊ သားရိုင်းတိရစ္ဆာန်နဲ့ သစ်မှောင်ခိုကုန်ကူးမှုမျိုးတွေလို ကမ္ဘာတ၀ှမ်းရေးရာ ကိစ္စတွေအတွက် အားကောင်းတဲ့ ဆုံးဖြတ်ချက်ရရှိရေး စတာတွေနဲ့ အထူးသဖြင့် တည်ဆဲ အာဆီယံ ဦးဆောင်တဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပေးရေး ကတိက၀တ်တွေကို မျှဝေ ဆောင်ရွက်ရေးတွေ အပါအ၀င် ဖြစ်ပါတယ်။ ဒီလို အချက်အလက်တွေပါတဲ့ ပူးတွဲကြေညာချက်မျိုး ချမှတ်တာဟာ ကောင်းတဲ့ကိစ္စတခုလို့ ဆိုရမှာဖြစ်ပေမယ့် တကယ်တန်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စိတ်ရင်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြပါ့မလား။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွား ဒါမှမဟုတ် အုပ်စိုးသူ လူနည်းစု ကွက်ကွက်ကလေးအတွက် တကွက်ချန်တာမျိုး၊ လျှိုထားတာမျိုး စတာတွေ လုပ်လာခဲ့ရင်ရော။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးတွေကို ဇောင်းပေးလုပ်လာကြရင်ရောဆိုတဲ့ သံသယအမြင်နဲ့ ကြည့်မယ်ဆိုရင် ကြည့်နိုင်သေးသလို ပူးတွဲကြေညာချက်ပါ ကတိက၀တ်တွေအတိုင်း စိတ်ရင်းစေတနာ၊ နိုင်ငံတကာ စိတ်ဓာတ်နဲ့ လူသားဆန်တဲ့ စိတ်ဓာတ်နဲ့ နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်နိုင်ကြရင် ဆိုပြီး အကောင်းမြင် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ကြည့်နိုင်ကြမှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်နဲ့ ကိုယ့်ပြည်သူလူထုအပေါ်၊ ကိုယ့်လူမျိုးတွေအပေါ် ထင်သလို အနိုင်ကျင့်ဗိုလ်ကျ ဖိစီးနှိပ်စက်ထားရင်း အာဏာနဲ့ ကိုယ်ကျိုးစီးပွား ကွက်ကွက်ကလေးကိုပဲ ကြည့်ပြီး အုပ်ချုပ်သွားတဲ့ ခုထိ ကျားကုတ်ကျားခဲ အာဏာကို ဖက်တွယ်ထားဖို့ ကြိုးစားနေကြတဲ့ စစ်ဗိုလ်ချုပ်တွေလို လူမျိုးတွေလည်း ရှိနိုင်သေးတော့ လုံးဝ အကောင်းဘက်ကချည်းပဲ ကြည့်မြင်ဖို့တော့ စောသေးတယ်လို့ ထင်မိပါတယ်။      ။  စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024