ဖားကန့် မြေစာပုံ ထပ်မံပြိုကျ၊ ၁ ဦး သေဆုံး

ဖားကန့်တွင် ကုမ္ပဏီမြေဇာစွန့်ပစ်သည့် ကားနှင့် ရေမဆေးကျောက်ရှာဖွေနေကြသူများ
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်တွင်းလုပ်ကွက်တခုမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်က မြေစာပုံထပ်မံပြိုကျပြီး မြေသယ်ကားမောင်းသူ အမျိုသားတဦး ၁ ဦး သေဆုံး သွားပါတယ်။ ဖားကန့်မြို့တောင်ဘက် ၂ မိုင်ခွဲအကွာ ဆိတ်မူကျေးရွာအုပ်စု နတ်မော်လုပ်ကွက်ထဲမှာ တနင်္ဂနွေနေ့ ညနေ ၂ နာရီခွဲလောက်က မြေစာပုံပြိုပြီး မြေသယ်တဲ့ ဘက်ဖိုးကား ၂ စီးနဲ့ ကားမောင်းသမားတစ်ဦး မြေစာပုံအောက် ရောက်သွားတယ်လို့ အခင်းဖြစ်တဲ့နေရာသွားကြည့်ခဲ့ သူ ဆိတ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။ “မနေ့က မြေစာပုံပြိုတဲ့ထဲ ပါသွားတာ ခါတိုင်းလို ရေမဆေးကျောက်သမားတွေတော့ မဟုတ်ဘူး။ ဘက်ဖိုးကား ၂ စီးပေါ်ပြိုကျတာ။ တစ်စီးက လုံးဝမြှုပ်ပြီး နောက်တစ်စီးက တခြမ်းပဲမြှုပ်တယ်။ အဲဒီ တခြမ်းဘဲမြှုပ်တဲ့ ကားက ဒရိုင်ဘာတော့ အန္တရာယ်ကနေ ပြန်လွတ်လာတယ်။ ကျန်တဲ့ တယောက်တော့ ကားနဲ့ အတူမြှုပ်သွားတယ်။” ဆိပ်မူရဲစခန်းက တာဝန်ကျရဲအရာရှိကတော့ သေဆုံးသွားသူဟာ ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီပိုင်ဘတ်ဖိုးကား ယာဉ်မောင်းသမား ဦးဇော်မင်းနိုင်အသက် ၄၅ နှစ် ဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီကျော်လောက်မှာ အလောင်းကိုရှာဖွေ့တွေ့ရှိတယ်လို့ ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။ အခုမြေစာပြိုတဲ့နေရာကတော့ အရင်က တခါက မပြိုဘူးသေးတဲ့ နေရာ သစ်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်အတွင်း ကျောက်မျက်ကုမ္ပဏီတွေဟာ အရွယ်အစားကြီးမားတဲ့ စက်ယန္တယားတွေ အသုံးပြုပြီး နေ့ရောညပါ ကျောက်တွေတူးဖော်နေရာက မြေစာပုံတွေလည်း ကြီးမားလာပြီး အလေးချိန်မခံနိုင်တာကြောင့် ခုလိုမြေစာပုံတွေ မကြာခနပြိုကျနေတာလို့ ဦးရွှေသိန်းက ပြောပါတယ်။ ဖားကန့်ဒေသ မြေစာပုံပြိုမှုကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကုမ္ပဏီတွေနဲ့ လူထုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တွေ ရခဲ့ပါတယ်။ ဖားကန့်ဒေသမှာ မနှစ်က မြေစာပုံပြိုမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွာပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရသလို ၂၀၁၆ ခု ဇန်န၀ါရီလထဲမှာဘဲ လုံးခင်းကျေးရွာအုပ်စုထဲမှာ မြေစာပုံပြိုကျမှု၂ ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပါတယ်။

More News
Up