DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် တရားဝင်ရပ်တည်ခွင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတင်တော့မည်
DVB
·
August 3, 2011
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတရားဝင်ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီသီတင်းပတ်အတွင်းမှာ တင်ပြဖို့ ရှိနေပါတယ်။

ဒီသီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ပေးပို့ဖို့ ပြင်ဆင်နေတာပါ။

ဒီလိုပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“ပြင်ဆင်နေပါတယ်။ ကျနော်တို့ ဥပဒေရှုထောင့်အရ ကျနော်တို့ ပြောချင်တာက ဥပဒေအရ ကျနော်တို့ဘက်က မှန်ကန်တယ်ဆိုတာကို ပြောမှာပါ။ အသေးစိတ်တော့ ကျနော်တို့ လောလောဆယ် ပြောလို့မရသေးလို့ပါ။”

ဒီလိုတင်ပြတဲ့နေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် ကာလအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခဲ့ပေမယ့်လည်း အစိုးရက ဖိနှိုပ်မှုပြုလုပ်ခဲ့တာတွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်နေတယ်ဆိုတဲ့ အချက်တွေကို အဓိက ထည့်သွင်းဖော်ပြမှာ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေအရ ကျနော်တို့ ရှုမြင်တဲ့ဘက်က ကျနော်တို့ပါတီက အခုထိ ရပ်တည်တယ်။ အန်အယ်လ်ဒီ ပါတီအနေနဲ့က တောက်လျောက် နှစ် ၂၀ကျော် တရားဝင်ပါတီအဖြစ်နဲ့ အဖိနှိပ်ခံနေခဲ့ရတဲ့ အခြေအနေ။ အဲဒီ ဖိနှိပ်ခံနေခဲ့ရတာလည်း ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို ဖောက်ဖျက်တဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဖော်ပြမှာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေး ပါတီတခုလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖစစ်ကောင်စီက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့သလို ရွေးကောက်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်တာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ပျက်ပြယ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။  ဒီကြေညာမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တရားမ၀င်တဲ့အကြောင်း တရားရုံး အဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် အားလုံးမှာ ပယ်ချခံခဲ့ရတာကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီထံ တင်ဖို့အထိ ဖြစ်လာရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013