ဆိုင်ကလုန်းကြောင့် ဖီဂျီနိုင်ငံတွင် ရွာလုံးကျွတ်ပျက်စီး၊ အရေးပေါ်အခြေအနေ ကြေညာ

အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ဖီဂျီနိုင်ငံမှာ အပျက်အစီး ပမာဏကို သိရဖို့ စာရင်းကောက်နေပါတယ်။ မြေပြင်သတင်းတွေအရ တချို့ အစွန်အဖျား ဒေသတွေမှာ ရွာလုံးကျွတ် ပျက်စီးသွားပြီး လူ ၁ ဦး သေဆုံးတာကို အတည်ပြုနိုင်ပါတယ်။ ၀င်းစတန်း ဆိုင်ကလုန်း မုန်တိုင်းဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နှောင်းပိုင်းမှာ ၀င်ရောက်ခဲ့တာဖြစ်ပြီး နောက်ဆုံးအချိန်ကျမှ လမ်းကြောင်းပြောင်းသွားတဲ့အတွက် မြို့တော် ဆူဗာကတော့ မုန်တိုင်းဒဏ်ကို အပြည့်အ၀ မခံခဲ့ရပါဘူး။ သြစတြေးလျး နိုင်ငံခြားရေး ၀န်ကြီး ဂျူလစ် ဘစ်ရှော့က P-3 Orion လေယာဉ်တစင်းကို စေလွှတ်ထားပြီး လေကြောင်း လုံခြုံရေးအတွက် အကူအညီပေးနေတယ်လို့ ပြောပါတယ်။ မုန်တိုင်းအလွန်မှာ ရေပြတ်၊ ဆက်သွယ်ရေး ပြတ်တောက်နေပြီး ၀န်ကြီးချုပ်က အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ ရက် ၃၀ အရေးပေါ် ကာလအတွင်းမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကျောင်းတွေလည်း တပတ်လောက် ပိတ်ထားဖွယ် ရှိပါတယ်။ တနိုင်ငံလုံးမှာ ကယ်ဆယ်ရေး စခန်းပေါင်း ၇၅၈ ခုနှစ် ဖွင့်ထားပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေး ရုံးကလည်း အကူအညီပေးဖို့ အသင့် ရှိတယ်လို့ ပြောပါတယ်။ လူဦးရေ ၉ သိန်းပဲ ရှိတဲ့ ပစိတ်ဖိတ် သမုဒ္ဒရာထဲက ဖီဂျီနိုင်ငံဟာ သြစတြေးလျ လူမျိုး ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် နိုင်ငံခြားသား သုံးသိန်းလေးသောင်း ၀န်းကျင် လည်ပတ်လေ့ ရှိပါတယ်။  

More News
Up