DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကြိုဆို
DVB
·
August 2, 2011
ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကြိုဆို
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်က အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်လိုတဲ့ သဘောထား အစိုးရနဲ့ တိုင်းရင်းသား​ လက်နက်ကိုင်​ အဖွဲ့တွေကို  အိတ်ဖွင့်စာ ပေးပို့တဲ့အပေါ် ညီညွတ်သော တိုင်းရင်းသား​ လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကြိုဆိုလိုက်ပါတယ်။

[caption id="attachment_13611" align="alignleft" width="310" caption="နိုင်ဟံသာ"][/caption]

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီရဲ့ ပြောခွင့်ရသူ နိုင်ဟံသာနဲ့ မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်​ ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူလည်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ပါဝင်ခွင့်ရမယ်ဆိုရင် ပါဝင်ချင်တယ်ဆိုပြီး ကမ်းလှမ်းလိုက်တဲ့အပေါ် ယူအန်အက်ဖ်စီ အနေနဲ့ သဘောထားက ဘယ်လို​ ရှိပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီကိစ္စကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ တကယ့်ကို နိုင်ငံအတွက်ကော အကျိုးရှိမယ့် လုပ်ငန်းပါ။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေ အပါအ၀င် စစ်အစိုးရဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်နေမှာဆိုတာ ကျနော်တို့ ယုံကြည်တယ်လေ။ ဒါပေမယ့် ကျနော်တို့ အချင်းချင်းက ဒီလိုတွေ့ဆုံပြီး ဖြေရှင်းဖို့ ခက်နေတယ်။ အဲဒါကတော့ ကြားလူလိုတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားလူအနေနဲ့ တကယ်လုပ်ပေးနိုင်မယ်ဆိုရင်လည်း ဒါကတိုင်းပြည်အတွက် တကယ့်ကို အကျိုးရှိမယ့်လုပ်ငန်းဖြစ်တယ်။ အဲတော့ ဒီနေ့ သူကြိုးစားတဲ့အပေါ်မှာ ကျနော်တို့လည်း သူ့အပေါ်မှာ ကျေးဇူးတင်တယ်။ ကြိုဆိုတယ်။ အဲဒါသူ့အစွမ်းအစနဲ့ပေါ့။ လူထုထောက်ခံမှု အနေအထားနဲ့ သူကကြိုးစားနေတယ်ဆိုတဲ့ အပေါ်မှာတော့ ဆက်ကြိုးစားပါလို့ ပန်ကြားချင်တယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ဆက်ပြီးတော့​​ ​ကြိုးစားနေတယ်။”

ကြိုဆိုတယ်ဆိုတော့ ကြားဝင်စေ့စပ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဘယ်လောက်ထိအောင် ယုံကြည်လဲ၊ စိတ်ဓာတ်အားဖြင့် ပြောမယ်ဆိုရင် ဘယ်လောက်ထိအောင် ပေးနိုင်သလဲ။ ဘာအကြောင်းအချက်တွေကြောင့် ဒီလိုပေးနိုင်တာလဲ။

“ယျေဘုယျအားဖြင့် ၃ ချက်မြင်တယ်။ တစ်အချက်က ပင်လုံစာချုပ်ချုပ်ဆိုတုန်းက သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချုပ်ခဲ့တယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထားခဲ့တဲ့​ ကတိသစ္စာ​ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်​ အနေနဲ့ ဒါကိုဆက်လက်ပြီး အကောင်အထည်​ ဖော်နေတဲ့ ဆန္ဒရှိတယ်လို့ ကျနော်တို့ ယေဘုယျအားဖြင့် မြင်တယ်။ နောက်ပြီးတော့ သူ့ရဲ့ သဘောထားတချို့​ အပါအ၀င်ပေါ့။ နောက်ပြီးတော့ ကျနော်တို့ ၉၇ ခုက တိုင်းရင်းသားတွေ နှီးနှောဖလှယ်ပွဲ လုပ်တုန်းက အဲဒီကျနော်တို့ရဲ့ သဘောထားတွေကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့တာ အပါအ၀င်။ အဲဒီအပေါ်မှာလည်း သူ့အပေါ်မှာ ယုံကြည်မှုပိုအားကောင်းလာတယ်။ နောက် ၂၀၁၀မှာ ပြည်တွင်းက အင်အားစုတွေ ဒုတိယပင်လုံကိစ္စပေါ့။ အဲဒီလှုပ်ရှားမှုမှာလည်း သူကနေပြီးတော့ လက်တွေ့တာဝန်ယူနေတယ်ဆိုတဲ့ အပိုင်းတွေအပါအ၀င်  ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့ရဲ့ ဘ၀တွေကို သူက ကောင်းကောင်းနားလည်တယ်။ အဲဒီအပေါ်အသိတွေနဲ့ လက်တွေ့လည်း တာဝန်ယူပေးနေတဲ့ သဘောထားတွေရှိတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်ပါ။ အဲဒါတွေကို တွက်လိုက်ရင် သူ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေက ယုံကြည်မှု အမြဲရှိနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်​ ပြောတာက ပြည်တွင်းစစ် ပဋိပက္ခတွေကို စေ့စပ်ဆွေးနွေးရေးပေါ့။ တယောက်နဲ့တယောက် တွေ့ပြီးတော့ ဖြေရှင်းကြဖို့။ လက်နက်နည်းနဲ့ ဖြေရှင်းတာထက်​ စာရင် စကားပြောပြီး ဖြေရှင်းကြဖို့ဆိုတဲ့ လိုင်းကိုသွားတာပေါ့။ စကားပြောမယ်ဆိုရင် ဦးသိန်းစိန်က အစိုးရသတ်သတ်မှတ်မှတ်ရှိတယ်။ အန်ကယ်တို့ဘက်ကလည်း သဘောတူတယ်။ အစိုးရဘက်ကလည်း သဘောတူတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ကြားနေပုဂ္ဂိုလ်အနေနဲ့​ ရှိမယ်။ အဲတော့ အစိုးရဘက်တောင်မှပဲ ပဋိပက္ခတွေ ပြေလည်အောင် ကြားဝင် စေ့စပ်ပေးပါဆိုတဲ့ ဒေါ်စုကမ်းလှမ်းတာကို သဘောတူတယ်ဆိုရင် အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် လက်နက်မကိုင်တဲ့ အဖွဲ့အစည်းတွေပဲ​ ဖြစ်ဖြစ်၊ ကိုယ်စားပြုပြီး ဆွေးနွေးမယ့်သူက ရှိနေပြီလား။ အဖွဲ့အစည်းတွေက ရှိနေပြီလား။

“ကျနော်တို့ တိုင်းရင်းသားတွေဘက်မှာ အခုလောလောဆယ်အားဖြင့် ယူအန်အက်ဖ်စီက အဖွဲ့ ၁၂ ဖွဲ့ကို ကိုယ်စားပြုတယ်။ လူမျိုးအားဖြင့် အားလုံးကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ အများကြီးပြောလို့​ ရပါတယ်။ ဒါပေမယ့် နောက်တခု ရှိတာပေါ့။ ကျနော်တို့ တိုင်းရင်းသားထဲမှာ၊ ဥပမာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ၉၀ ပြည့်နစ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အဖွဲ့တွေရယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အဖွဲ့တွေရယ်။ အဲလိုအဖွဲ့တွေများပေမယ့် ကျနော်တို့ အားလုံးရဲ့ ရပ်တည်ချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်မှာ အခြေခံအားဖြင့် တည်နေတယ်လေ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အချင်းချင်း ပြန်ညှိဖို့ဆိုတာ မခဲယဉ်းဘူး။ အဲတော့ လက်နက်ကိုင်ခြင်းအားဖြင့် အဓိက လက်နက်ကိုင်ပြီးတော့ တိုက်နေရတဲ့ ကျနော်တို့ ယူအန်အက်ဖ်စီအနေနဲ့ ကျနော်တို့ ကိုယ်စားပြုပြီးတော့မှ ကျနော်တို့ ဆွေးနွေးရင် ကျနော်တို့ ပြေလည်နိုင်စရာ အကြောင်းရှိတယ်။”

နောက်ထပ်ဖြည့်စွက်ပြီးတော့ ပြောစရာ ရှိပါသေးလား။

“ကျနော်ပြောချင်တာကတော့ ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်လမ်း အနှစ် ၆၀ကျော် လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ ဖြေရှင်းလာတာ ကျနော်တို့ ဒီနေ့ထိ မပြေလည်နိုင်သေးဘူး။ တိုင်းပြည်လည်း အတော်နာပြီး ခက်ခဲပြီးတော့မှ အောက်ကျနောက်ကျ ဖြစ်နေတယ်။ အဲဒါကို သင်ခန်းစာ ယူပြီးတော့ နည်းသစ်လမ်းသစ်နဲ့ပေါ့။ ငြိမ်းချမ်းနိုင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ရင်တော့ ဒါကောင်းတယ်။ အမှန်ကတော့ အခုကျနော်တို့ တိုက်နေတာ နိုင်ငံရေးပြဿနာရပ်။ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ အဲတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာတော့ မှန်တဲ့နည်းလမ်းလို့ပဲ ကျနော်မြင်တယ်။ ပြည်သူလူထုကော၊ နိုင်ငံရေးအဖွဲ့အစည်းတွေကကော အခု ဒေါ်စုလှုပ်ရှားမှုအပေါ်မှာ ၀ိုင်းပြီးတော့ အားပေးဖို့လိုမယ်လို့ ကျနော်ကတော့ ကျန်တဲ့ အဖွဲ့အစည်းတွေကော ပြည်သူတွေကော ပန်ကြားလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013