လွှတ်တော်စွမ်းရည်မြှင့်သင်တန်း အကျိုးများစွာရှိဟုဆို

1K
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်သစ်တွေအတွက် စွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ၅ ရက်ကြာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများရှင်းလင်းတင်ပြခြင်း အစီအစဉ် ဒီကနေ့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ခုလာမယ့် ဒုတိယအကြိမ် လွှတ်တော် ၅ နှစ်သက်တမ်းကို အများကြီး အထောက်အကူပြုတဲ့ သင်တန်းဖြစ်ပြီး တိုးတက်တဲ့ လွှတ်တော်ဖြစ်လာနိုင်တယ်လို့ သနပ္ပင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။
“အဓိကကတော့ ဥပဒေပြုရေး၊ စောင့်ကြည်ထိန်းညှိရေး၊ ကိုယ်စားပြုရေး အဲဒီအချက် ၃ ချက်ကို အဓိက သင်တာပဲ။ အန်ကယ်တို့က လွှတ်တော်ရဲ့အတွေ့အကြုံအရ ဒီဟာတွေက ဆောင်ရွက်ခဲ့ပြီးသားတွေလည်း ရှိတာပေါ့။ သို့သော်လည်း နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက လာပြီးတော့ သူတို့နိုင်ငံတွေမှာ ဥပဒေ ဘယ်လိုပြု တယ်ဆိုတာ ဆွေးနွေးတဲ့အခါကျတော့ ပြန်ပြီးဗဟုသုတ ထပ်တိုးတာပေါ့နော်။ နောက်တခုက ပြည်သူကို ဘယ်လိုကိုယ်စားပြုလဲ၊ ပြည်သူနဲ့ ဘယ်လိုထိတွေ့ဆက်ဆံလဲ၊ သူတို့ အချိန်ဇယားတွေ ဘယ်လိုဆွဲလဲ စတဲ့ပြုသူကို ကိုယ်စားပြုမှုနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံတကာရဲ့ အတွေ့အကြုံ တွေ ထပ်တိုးပြီးရတာပေါ့။ စောင့်ကြည့်ထိန်းကြောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာက သက်ဆိုင်ရာ အစိုးရတွေကို ဘယ်လိုစောင့်ကြည့်နေလဲ၊ ဘယ်လိုထိန်းကျောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုလုပ်ကြတယ်ဆိုတာကို သူတို့ရဲ့အတွေ့အကြုံတွေ ရတယ်။”
နေပြည်တော် လွှတ်တော်သဘင်ဆောင်မှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၉ ရက်ထိ ကျင်းပတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တပ်မတော်သားလွှတ်တော်အမတ်တွေ အပါအ၀င် အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် အားလုံး တက်ရောက်ခဲ့ကြပါတယ်။
ဒီအစီအစဉ်မှာ ဗြိတိန်၊ နယူးဇီလန်၊ ကိုရီးယား၊ ဟောင်ကောင်နဲ့ အရှေ့တီမောက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ ကုလသမဂ္ဂက ကျွမ်းကျင်သူပညာရှင်တွေ အပါအ၀င် ပြည်တွင်းပြည်ပက ပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။