ဆွီဒင်မိန်းကလေးတဦးကို အိုင်အက်စ်နှင့် ပူးပေါင်းရန်ကြိုးစားမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်

ဓာတ်ပုံ - အီးပီအေ
သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ အဖမ်းခံခဲ့ရတဲ့ ဆွီဒင်မိန်းကလေးတဦးဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့မှု အကြမ်းဖက်မှု စွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဆိုမာလီမိသားစုက ဆင်းသက်လာတဲ့ အသက် ၁၇ နှစ်အရွယ် ဆွီဒင်နိုင်ငံသူကို ဒီဇင်ဘာလက ဗီယန်နာမြို့ ဝက်စ်ဘာန်ဟော့ဖ် ဘူတာမှာ ဖမ်းမိခဲ့တာပါ။ သူဟာ အိုင်အက်စ်တွေနဲ့ ပေါင်းဖို့ ခရီးထွက်မှာ စိုးရိမ်တယ်လို့ သူ့မိဘတွေက ဆွီဒင်ရဲတွေကို ပြောခဲ့အပြီး ဖမ်းဆီးခဲ့တာပါ။ သြစတြီးယားအစိုးရ ရှေ့နေတွေက သူ့ကို ဇန်နဝါရီလက အကြမ်းဖက်မှုစွဲချက် ငါးခုနဲ့ တရားစွဲခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ ဆက်သွယ်ပြီး အကြမ်းဖက် အဖွဲ့အစည်းတွေမှာ ပါဝင်မှုနဲ့ အိုင်အက်စ်တွေဆီသွားဖို့ စီစဉ်မှုတွေဟာ ထောင် ၅ နှစ် ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ တရားရုံးက မိန်းကလေးကို အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပူးပေါင်းဖို့ ကြိုးစားမှုနဲ့ အပြစ်ရှိကြောင်း တွေ့တယ်လို့ ဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချပါတယ်။ ဒါပေမယ့် တရားရင်ဆိုင်နေရင်း အချုပ်ကျတဲ့ အချိန်ကြောင့် ထောင်ဒဏ်ကို ဆိုင်းငံ့ထားပါတယ်။ သူ့ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပြီး ဆွီဒင်ကို ချက်ချင်းပြန်ပို့မယ်လို့ မျှော်လင့်ထားပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားမှုသာရှိပြီး အိုင်အက်စ် အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်မှု တခုမှ မရှိခဲ့သေးဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။ ဒါပေမယ့် မိန်းကလေးနဲ့အတူ သယ်ထားတဲ့ ဝါဒဖြန့်ပစ္စည်း သက်သေတွေအရ သူဟာ အကြမ်းဖက်အုပ်စုနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ဖို့ လုံလောက်နေခဲ့ပါတယ်။ မိန်းကလေးဟာ ဆွီဒင်မှာ ပြစ်မှုကျူးလွန်ခဲ့ဘူးတာ မရှိဘဲ သူက လွတ်လပ်သူ ဖြစ်တယ်လို့ သူ့ရှေ့နေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up