Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုကျမှု အန္တရာယ်ကင်းရှင်းရေး မနက်ဖြန် စတင်ဆောင်ရွက်မည်
DVB
·
February 19, 2016
မြေစာပုံတွေ ပြိုကျမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် ကချင်ပြည်နယ် ဖားကန့်က အန္တရာယ်ရှိတဲ့ မြေစာပုံတွေကို အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ စတင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ အန္တရာယ်တွေ လျှော့ချဖို့ ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံလူထုတွေကြား ဆွေးနွေးညှိနှိုင်းခဲ့တာမှာ အကြီးဆုံးမြေစာပုံ ၃ ခု ထုထည်လျှော့ချဖို့ အပါအ၀င် အခြားအချက် ၄ ချက်ပါ ဆောင်ရွက်သွားဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သဘောတူခဲ့ကြတာပါ။ မနေ့က ဆိတ်မူကျေးရွာအုပ်စုက ရွာသားတွေ တောင်းဆိုခဲ့တဲ့ အချက်တွေကို ဒီမနက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ဆက်လက်ညှိနှိုင်းကြတာမှာ သဘောတူခဲ့ကြတာလို့   လူထုကိုယ်စားပြုအဖွဲ့ ကိုယ်စားလှယ် ဦးလမင်းက ဒီဗွီဘီကို ပြောပါတယ်။ “ရွာဟောင်းနားက အကြီးဆုံး မြေစာပုံ ၃ ခုရဲ့ ထုထည်လျှော့ချရေးနဲ့ အမြင့်ပေ ၂၀၊ အကျယ်ပေ ၅၀၊ လျှောစောက် ၄၅ ဒီဂရီစောင်းတဲ့ လှေကားထစ်လုပ်ဖို့၊ အောက်ခြေမြေသား ခိုင်မာအောင် ကွန်ကရစ်ခင်းပြီး ကျောက်တိုက်စီဖို့၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ မြေစာတွေကြောင့် တိမ်ကောသွားတဲ့ ဝှေခါချောင်းကို အကျယ် ၁၀၀ ပေ၊ အောက်ခြေ ပေ ၄၀၊ အနက် ၁၅ ပေ တခြားဧရိယာ မထိခိုက်စေဘဲ ပြန်တူးဖော်ဖို့၊ ဝှေခါချောင်းကမ်းနားမှာ အရှည် ၁၅ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၇ ပေရှိတဲ့ မြေသားဘောင်လုပ်ပေးဖို့၊ လုပ်ငန်းဆောင်ရွက်ဆဲကာလ မြေစာသွန်ကားတွေ ညနေ ၃ နာရီနဲ့ ၁၂ နာရီကြားမှာပဲ စည်းကမ်းတကျ သွားလာဖို့ ၅ ချက်ကို သဘောတူခဲ့ပါတယ်ခင်ဗျ။” ကျောက်မျက်ကုမ္ပဏီ အသီးသီးရဲ့ မြေစာတွေကိုလည်း ရွာနဲ့ဝေးတဲ့ မှော်ရှန်ဒေသဘက်မှာ သွားစွန့်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ကော်မတီတွေလည်း ဖွဲ့စည်းခဲ့ပြီး မနက်ဖြန် မနက်မှာပဲ ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကုန်ကျစရိတ်တွေကိုတော့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ ၁၂ ခုက တာဝန်ယူ ကျခံသွားမယ်လို့ သူက ဆက်ပြောပါတယ်။ ဆိတ်မူကျေးရွာအုပ်စု ရွာဟောင်းရွာနားမှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက မြေစာပုံတွေ သွန်လာခဲ့တာ အင်မတန်ကြီးမားတဲ့ မြေစာပုံ ၃ ပုံရှိပြီး အဲဒီနေရာဟာ ဝှေခါချောင်းကို ဦးတိုက်ထားတဲ့အတွက် မိုးရွာရင် အန္တရာယ်ရှိကြောင်း၊ မနှစ်ကလည်း ပြိုခဲ့ပြီး ဒီနှစ်မှာလည်း ပြိုဖို့အလားအလာ ရှိတယ်လို့ ဆိတ်မူကျေးရွာအုပ်စု ရပ်မိရပ်ဖတဦးဖြစ်သူ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။ ဖားကန့်ဒေသမှာ ကုမ္ပဏီနဲ့ ရွာလူထုအဖွဲ့တွေ ပူးပေါင်းပြီး ပြဿ     နာညှိနှိုင်း ဖြေရှင်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ ဆိတ်မူကျေးရွာအုပ်စုထဲ အတွက်သာဖြစ်ပြီး တခြားနေရာတွေမှာပါ အလားတူပြဿ နာ ပူးပေါင်းဖြေရှင်းရေးတွေ လုပ်နိုင်ဖို့ ဆက်လက်စည်းရုံးသွားမယ်လို့  ဦးလမင်းက ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုမ္ပဏီနဲ့ လူထုကော်မတီတွေအပြင် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူမှုကွန်ရက်အဖွဲ့အစည်း၊ မြို့နယ်စည်ပင်နဲ့ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့တွေပါ တက်ရောက်ခဲ့ပါတယ်။ ဖားကန့်ဒေသ ဧကပေါင်း ၂ သောင်းဝန်းကျင်မှာ ကျောက်တူးဖော်ရေး လုပ်ငန်းပေါင်း ၆၀၀ ခန့် လုပ်ကိုင်နေပြီး မြေစာပုံပြိုကျမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။ ၂၀၁၅ ခုနှစ်ကနေ လက်ရှိကာလအထိ ဖားကန့်ဒေသမှာ မြေပြိုမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024