Home
မြန်မာသတင်း
တားဆီးခံထားတဲ့ ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ထွက်ခွာမရသေး
DVB
·
February 19, 2016
ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုင်တီဒေသကကို ဘိန်းခင်းဖျက်ဖို့သွားရောက် ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက အစိုးရတပ်က တား ဆီးခံရပြီး အခုချိန် ထွက်ခွာခွင်မပြုတဲ့အတွက် သောင်တင်နေတယ်လို့ တားဆီးခံရတဲ့အဖွဲ့မှာ ဦးဆောင်ပါဝင်သူဖြစ်တဲ့ ဦးမရန်ဂျာလက ပြောပါတယ်။ သူတို့အဖွဲ့ဟာ စတုန်း၊ ချီဖွေလမ်းဆုံက ၀ါရှောင်ရွာမှာတားဆီးခံရတာဖြစ်ပြီး ၄ ရက်တုန်အောင် ထွက်ခွာခွင့်မရသေးတဲ့အတွက် လူပေါင်း ၂၀၀၀ လောင် အဲဒီနေရမှာ သောင်တင်နေတာလို့  ဦးမရန်ဂျာလက ပြောပါတယ်။ “ကျနော်တို့ ထွက်ခွာခွင့်မရသေးဘူး။ အခု ကျနော်တို့ အဲဒီစခန်းမှာနေနေကြပါတယ်။ သူတို့ ဒီရှေ့တန်းမှာနေတဲ့လူတွေက အထက်အမိန့်ပဲပြောတယ်။ ဘာကြောင်းတားလဲမပြောဘူး။ အခုတော့ တောထဲမှာဆိုတော့ ဘာမှမပြည့်မစုံဘူး။ ခက်ခဲတာကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်တဲ့အခါကျတော့ ဘယ်သူမှ ညည်းညူတာတော့ မရှိကြပါဘူး။” ကချင်လူထု အခြေပြုမူးယစ် တိုက်ဖျက်ရေးအဖွဲ့ကို ဆဒုံး၊ ချီဖွေလမ်းခွဲအရောက်တွင် အစိုးရတပ်မတော်မှ လုံခြုံရေးကြောင့် တားဆီးလိုက်သဖြင့် ဆဒုံးလမ်းမတစ်လျှောက်မှာ စခန်းချနေထိုင်ကြပြီး အချိန်ကြာလာ တာနှင့်အတူ  သောက်သုံးရေနဲ့ နေစရာနေရာ အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း အဖွဲ့ဝင်တချို့ ပြောပါတယ်။ တားဆီးမှုကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြည်နယ်ရုံးမှာ အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့တွေနဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တို့က ဘိန်းစိုက်တောင်သူတွေနဲ့ ဘိန်းခင်းဖျက်မယ့် သူတွေအကြား ပဋိပက္ခဖြစ်လာနိုင်တဲ့အတွက် လုံခြုံရေးအရ တားဆီးရတာပါလို့ သတင်းစာ ရှင်းလင်းပွဲ ပြုပြောကြားခဲ့ပါတယ်။ ဘိန်းခင်းဖျက်မယ့်အဖွဲ့တွေကတော့ သူတို့ ထွက်ခွာခွင့်မရမချင်း စောင့်ဆိုင်းနေမှာဖြစ်တယ်လို့ ပြောဆိုပြီး ဘိန်းခင်းဟာ လူတိုင်းတိုက်ဖျက်ရမယ့် အရာဖြစ်တယ်လို့လည်း ဦးမရန်ဂျာလက ပြောပါတယ်။ “ဒီမူးယစ်ဆေးဝါးဟာလူသားအယောက်စီတိုင်းရဲ့ ဘုံရန်သူဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ဖို့က လူသားအယောက်ဆီတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံး ဒီမူးယစ်ဆေးဝါးကို စည်းစည်းလုံးလုံးနဲ့ တိုက်ဖျက်ရမှာ။ ဒီမူးယစ်ဆေးဝါးကို မတိုက်ဖျက်နိုင်လို့ ရှိရင် တကယ့်အရင်းအမြစ်ဖြစ်တဲ့ လူ့အရင်းအမြစ်ကို  သေချာပေါက် ဖျက်စီးပစ်မှာဖြစ်တယ်လို့ အဲဒါပဲ ပြောချင်တယ်။” ကချင်လူထုအခြေပြု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဟာ ဇန်န၀ါရီလဆန်းပိုင်းကစပြီး ပူတာအို၊ ဆွပရာဘွန်၊ ဖားကန့်၊ တနှိုင်း၊ချီဖွေ၊ ၀ိုင်းမော်၊ ကန်ပိုင်တီ၊ စတုန်း အစရှိတဲ့ဒေသတွေက ဘိန်းခင်းပေါင်း ၃ ထောင်ကျော်လောက် ဖျက်စီးခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးပြဿ နာကို ကချင်လူထုက အများဆုံး ဒဏ်ခံနေရ တာကြောင့် ကချင်တမျိုးသားလုံး လှုပ်ရှားမှုအနေနဲ့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ လူထုအင်အား စုစုပေါင်း ၄ ထောင်ကျော် ပါဝင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024