မူးယစ်ကုန်ကူးမှုဖြင့် အင်ဒိုနီးရှား ရဲအရာရှိကို သေဒဏ်စီရင်

1.5K
နိုင်ငံထဲကို တရားမ၀င် မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ အင်ဒိုနီးရှား ရဲအရာရှိတဦး အပါအ၀င် အမျိုးသား ၂ ဦးကို တရားရုံးက သေဒဏ်စီရင်ခဲ့ပါတယ်။
သူတို့ဟာ မက်သာအဖက်တမင်းအခဲ ၁၀ ကီလိုဂရမ်နဲ့ အက်စ်တစီ (ecstasy) ဆေးပြား ၂၇၁ ပြားကို မလေးရှားကနေ ဆူမတြားမြောက်ပိုင်းက မီဒန်းဒေသကို သယ်ဆောင်လာကြတာ ပေါ်လွင်လို့ဖြစ်ပါတယ်။
ဒီအမှုတွဲမှာ ရဲအရာရှိရဲ့ သားကိုလည်း ထောင်ဒဏ်တသက် ကျခံစေဖို့ စီရင်ခဲ့တာလို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောဆိုတယ်လို့ The Global Globe သတင်းက ဖော်ပြပါတယ်။
တန်ဂျန်ဘာလိုင် ခရိုင်တရားရုံးမှာ အသက် ၄၈ နှစ်အရွယ် မြောက်ဆူမတြားဒေသ ရဲအရာရှိ မူစတာဂျပ်နဲ့ အသက် ၅၀ အရွယ် အရပ်သား ဆာရဒန်တို့ကို သေဒဏ်စီရင်ချက်ချသလို အသက် ၂၂ နှစ်အရွယ် ရီဇာမူလာနာကို တသက်တကျွန်းစီရင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အမျိုးသားတရားမ၀င် မူးယစ်ဆေးအေဂျင်စီက ရာနဲ့ချီတဲ့ ဆေးပြားတွေကို မော်တော်ဘုတ်နဲ့ သယ်ဆောင်ခဲ့သူ အရပ်သား ဆာရဒန်ကို ဖမ်းဆီးခဲ့ပါတယ်။
သူ့ကို မေးမြန်းစစ်ဆေးချက်အရ ရဲအရာရှိသားအဖပါ နိုင်ငံတကာ မူးယစ်ဆေးဝါးကွန်ရက်မှာ ပါဝင်ပတ်သက်တာကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ သားအဖနှစ်ဦးကို ဖမ်းဆီးတဲ့အခါ အိမ်မှာ မက်သာအဖက်တမင်း ဆယ်ကီလို တွေ့ခဲ့တာလို့ ဆိုပါတယ်။
တရားသူကြီး အူလီနာမာဘန်က “သူ့တို့ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုဟာ နိုင်ငံအနာဂတ်မျိုးဆက်အတွက် ထိခိုက်စေတဲ့အပြင် ရဲအရာရှိ မူစတာဂျပ်ကလည်း သူ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ သုံးကြိမ်ထပ်ကာတလဲလဲ ကျူးလွန်တဲ့အတွက် သူတို့ကို သက်ညှာလို့မရပါဘူး” လို့ ပြောပါတယ်။
အင်ဒိုနီးရှားတရားရေးစနစ်မှာ မူးယစ်ဆေးဝါးရာဇ၀တ်မှုကို ပြင်းပြန်းထန်ထန် ကိုင်တွယ်နေပြီး မနှစ်ဧပြီလက ဂျာဗားပြည်နယ်အလယ်ပိုင်းက အကျဉ်းထောင်တခုမှာ လူရှစ်ဦးကို ကွပ်မျက်ခဲ့ရာမှာ ၇ ဦးဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။