DVB Logo
Home
မြန်မာသတင်း
ဘဏ်တိုး​နှုန်း​လျှော့​ချ​ပေး​ရန် ​တောင်း​ဆို​နေမှုနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက်
DVB
·
August 2, 2011
ဘဏ်တိုး​နှုန်း​လျှော့​ချ​ပေး​ရန် ​တောင်း​ဆို​နေမှုနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက်
1 / 2
Donate to DVB

ပြည်တွင်း​ရှိ အစိုး​ရဘဏ်တိုး​နှုန်း​တွေဟာ အာဆီယံ​ဒေသတွင်း​နိုင်ငံ​တွေနဲ့​ နှိုင်း​စာရင် မြင့်​နေတာမို့​ ​လျှော့​ချ​ပေး​ဖို့​ ပြည်တွင်း​လုပ်ငန်း​ရှင်တချို့​က ​တောင်း​ဆို​နေကြပါတယ်။

မြန်မာနိုင်ငံရဲ့​ အစိုး​ရဘဏ်​တွေ​ရော၊​ ပုဂ္ဂလိကဘဏ်​တွေမှာပါ အပ်​ငွေအတွက် ရတဲ့​အတိုး​နှုန်း​က တနှစ်ကို ၁၂ ရာခိုင်နှုန်း​ဖြစ်ပြီး​ ​ချေး​ငွေအတွက် ​ပေး​ရတဲ့​ အတိုး​နှုန်း​က တနှစ်ကို ၁၇ ရာခိုင်နှုန်း​ ဖြစ်ပါတယ်။

ဒီလို ဘဏ်တိုး​နှုန်း​ ​လျှော့​ချ​ပေး​ဖို့​ ​တောင်း​ဆို​နေကြတာနဲ့​ ပတ်သက်လို့
မြန်မာ့​ဓန စီး​ပွား​ရေး​မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဆရာသီဟ​စောကို ​မေး​မြန်း​ထား​ပါတယ်။

နိုင်ငံမှာရှိတဲ့​ ဘဏ်​တွေက​တော့​ အတိုး​နှုန်း​တွေ များ​နေတယ်​ပေါ့​။ အဲဒါ အတိုး​နှုန်း​တွေ ​လျှော့​ချ​ပေး​ဖို့​ အကြံပြုတယ်တို့​ ကြား​နေရတယ်။ ဘဏ်အတိုး​နှုန်း​က ဘယ်လိုဖြစ်လို့​လဲ။ အတိုး​နှုန်း​များ​နေ​တော့​ ဘယ်လို​တွေ လုပ်ရ ကိုင်ရခက်လို့​လဲ ဆရာ။

“များ​တယ်ဆိုတာ သူများ​နိုင်ငံထက်ယှဉ်ရင်​တော့​ များ​တာ​ပေါ့​။ သူများ​နိုင်ငံက ပုံမှန်အား​ဖြင့်​ ​လေး​ရာခိုင်နှုန်း​၊​ ငါး​ရာခိုင်နှုန်း​၊​ ​ခြောက်ရာခိုင်နှုန်း​ အဲဒီလိုသွား​တယ်။ ကျ​နော်တို့​က ဟိုအရင်ကတည်း​က ရှစ်ရာခိုင်နှုန်း​၊​ ၁၀ ရာခိုင်နှုန်း​၊​ ၁၂ ရာခိုင်နှုန်း​ အဲလိုမျိုး​ရှိတယ်။ သူများ​နိုင်ငံထက် နှိုင်း​ယှဉ်ရင်​တော့​ များ​တယ်လို့​ ​ပြောလို့​ရတယ်။ ကိုယ့်​ဟာနဲ့​ကိုယ်​တော့​ ပုံမှန်လည်ပတ်​နေတယ်။”

အဲဒီလိုများ​နေ​တော့​ သူတို့​က အာဆီယံ စံချိန်စံညွှန်း​ပေါ့​။ တခြား​နိုင်ငံ​တွေလိုပဲ ထား​သင့်​တယ်လို့​ ​ပြော​နေတာက ဘာဖြစ်လို့​လဲဆရာ။ လူ​တွေက အလုပ်မလုပ်​တော့​ဘဲ ဘဏ်မှာ​ငွေအပ်ပြီး​တော့​ ဘဏ်တိုး​ကိုပဲ ထိုင်စား​နေမှာဆိုး​လို့​လား​။ ဘာ​ကြောင့်​အဲလို​ပြော​နေတာလဲ။

“အတိုး​နှုန်း​ နည်း​တယ်၊​ များ​တယ်ဆိုတာက ပြီး​ခဲ့​တဲ့​ နှစ် ၂၀ တုန်း​လောက်က ​ငွေ​ကြေး​ဖောင်း​ပွမှုက ၂၀၊​ ၃၀ တို့​ ​ရောက်ခဲ့​တယ်။ ဥပမာ ​ငွေ​ဖောင်း​ပွမှုက ၂၀ ​ရောက်​နေရင် ဘဏ်မှာ ၁၂ ကျပ်ပဲ ရမယ်ဆိုရင် ဘယ်သူပိုက်ဆံ စုချင်မလဲ။ အပြင်က ​ငွေ​ကြေး​ဖောင်း​ပွမှုက များ​နေ​တော့​ ဘဏ်မှာ ပိုက်ဆံက ရှုံး​တောင်ရှုံး​တယ်။ အဲဒီအပိုင်း​ရှိတယ်။ အခ​တော့​ အ​ကြောင်း​ကြောင်း​တွေ​ကြောင့်​မို့​ ​ငွေ​ဖောင်း​ပွမှုက ၁၀ ​အောက်ကို ​ရောက်သွား​တယ်။ ဒါက အ​ကောင်း​ဘက်က ကြည့်​မယ်ဆိုရင်​တော့​ ​ငွေ​ကြေး​ဖောင်း​ပွမှု နိမ့်​ကျသွား​တဲ့​သ​ဘောရှိတယ်။ အဲဒီအခါကျရင် ဘဏ်မှာသွား​အပ်ရင် မရှုံး​ဘူး​ပေါ့​။ ဒီတိုင်း​ထိုင်စား​လောက်​အောင်လည်း​ မရ​သေး​ပါဘူး​။ ဒါ​ပေမယ့်​ သူများ​တွေက ဘာကိုတွက်လည်း​ဆိုရင် ဥပမာ ထိုင်း​မှာရှိတဲ့​ လူတ​ယောက်က သူ့​မှာ ၆ရာခိုင်နှုန်း​နဲ့​ရမယ်။ သူက ဗမာပိုက်ဆံလွှဲပြီး​တော့​ ၁၂ ရာခိုင်နှုန်း​ရတယ်ဆိုရင် သူ့​နေရာကကြည့်​ရင် ဟုတ်တာ​ပေါ့​။ အဲဒီလိုမျိုး​အမြင်နဲ့​ မြင်တာလည်း​ရှိတယ်။ အဲဒီတခုတည်း​ကြည့်​လို့​ မရဘူး​။ ကျ​နော်တို့​က အာဆီယံနဲ့​ ညှိဖို့​ဆိုတာ အကုန်လုံး​ တ​ပြေး​ညီဖို့​ မလွယ်ပါဘူး​။ ကိုယ့်​နိုင်ငံနဲ့​ ကိုယ့်​အ​ခြေအ​နေနဲ့​ ထင်ဟပ်ပြီး​တော့​ အကျိုး​ရှိ​အောင် လုပ်ရတာ​ပေါ့​။ ကိုယ်ကလုပ်ချင်တိုင်း​ လိုက်လုပ်လို့​ ချက်ချင်း​ကြီး​ တ​ပြေး​ညီ​တော့​ မဖြစ်ဘူး​။”

တခြား​နိုင်ငံ​တွေ ဝင်လာပြီး​တော့​ ကိုယ့်​ပြည်တွင်း​ဘဏ်​တွေမှာ ပိုက်ဆံ​တွေလာအပ်တယ်တို့​ဆိုတာ တကယ်​ကော ဖြစ်နိုင်ပါ့​မလား​။

“အနည်း​အကျဉ်း​တော့​ ရှိမှာ​ပေါ့​။ ဘယ်သူမှ အထုတ်လိုက်လဲပြီး​တော့​ လာပြီး​တော့​မထား​ဘူး​။ အဲဒါကို လဲတာလည်း​ အပြင်မှာပဲ လဲကြတာ​လေ။ သ​ဘောက နိုင်ငံခြား​က ​ဒေါ်လာ​ငွေ တသိန်း​ ယူလာပြီး​တော့​။ မြန်မာကျပ်နဲ့​ ထား​မယ်ဆိုရင် မြန်မာကျပ်နဲ့​လဲ၊​ အပြင်နှုန်း​ထား​နဲ့​ လဲပြီး​တော့​မှ ထား​၊​ ထား​ပြီး​တော့​မှ ပြန်ထွက်သွား​တဲ့​ တန်ဖိုး​ကို ​ဒေါ်လာပြန်လဲ။ အဲဒီ ​ငွေ​ကြေး​ဖောင်း​ပွမှုပြဿနာကို ရင်ဆိုင်ရမယ်။ အမ်အက်ဖ်တီဘီတို့​၊​ အမ်အိုင်စီတို့​ နိုင်ငံခြား​ငွေ ဘဏ်​တွေရှိတယ်။ အဲဒီမှာအပ်တဲ့​အတိုင်း​ နှုန်း​ပေး​တာမဟုတ်ဘူး​။ ဘဏ်မှာ ထား​ရင် ထား​ထား​တာ​တောင်မှ ​ငွေ​သေစာရင်း​ထား​တာ​တောင်မှ ပိုက်ဆံ​ပေး​ရ​သေး​တယ်။ အတိုး​ကလည်း​ မ​ပေး​သ​လောက်ပဲ။ အဲလိုလာထား​မှာ မဟုတ်ဘူး​။”

အဲဒါဆိုရင် ဘဏ်အတိုး​နှုန်း​ ​လျှော့​ချဖို့​ကို စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ ​တောင်း​ဆိုတာ ဘာ​ကြောင့်​လဲ။

“အလိုအ​လျောက်​လျော့​စေချင်တာ။ ဥပမာဆိုရင် ဘဏ်က​နေ ပိုက်ဆံ​ချေး​တာ​ပေါ့​။ လုပ်ငန်း​ရှင်တ​ယောက်ပဲဖြစ်ဖြစ်၊​ လယ်သမား​ပဲဖြစ်ဖြစ်။ သူက အခု ၁၇- ၁၈ ​ပေး​နေတာ။ သူက ၁၀ သာ​ပေး​ရမယ်ဆိုရင် သက်သက်သာသာ လိုချင်တာ​ပေါ့​။ ဒါ​ပေမယ့်​ ဘဏ်ကလည်း​ သူကပြန်ပြီး​တော့​ ​ငွေထား​သူ​တွေကို ၁၂ ရာခိုင်နှုန်း​ပေး​ပြီး​တော့​ သူက ၁၇ ရာခိုင်နှုန်း​ပြန်​ချေး​မှ သူစား​ရတဲ့​ပိုက်ဆံက အများ​ကြီး​ စား​ရတာမဟုတ်ဘူး​။ ဘဏ်ကလူကလည်း​ ချက်ချင်း​လုပ်ရတာမဟုတ်ဘူး​။ ​ငွေရှိတဲ့​လူကလည်း​ ပိုက်ဆံ​တွေ ​လျှော့​ချလို့​ရှိရင် ဘယ်ရှိ​တော့​မလဲ။ ​ငွေ​ချေး​တဲ့​လူက​တော့​ အတိုး​သက်သာချင်တာ​ပေါ့​။ အဲဒီသ​ဘောပါ။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘဏ်တိုး​နှုန်း​လျှော့​ချ​ပေး​ရန် ​တောင်း​ဆို​နေမှုနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက်