အီတာလျံထိုင်း ကုမ္ပဏီ အလုပ်သမားအိမ်ခန်းများ မီးလောင် (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းကပီမြို့နယ် ဟွေ့ခွန်နယ်မြေထဲမှာ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားတဲ့နေရာဟာ အီတာလျံထိုင်း ကုမ္ပဏီက ဆောက်လုပ်ရေးအလုပ်သမားတွေ နေထိုင်တဲ့ အိမ်ခန်းတွေဖြစ်ပြီး မီးသတ်ကား အစီးပေါင်း ၃၀ နဲ့ အချိန်တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ ဟွေ့ခွန်နယ်မြေ မတ်ကဆန်ရဲစခန်းတာဝန်ကျ စခန်းမှူးက သတင်းထောက်တွေကို ပြောတယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ၅ ဧကလောက်ကျယ်တဲ့ အဲဒီဝင်းကြီးထဲမှာ သွပ်မိုးပျဉ်ကာ ၂ ထပ်အိမ် အလုံးပေါင်း ၂၀ ကျော်ရှိကာ အလုပ်သမားပေါင်း ၁၀၀၀ ကျော် နေထိုင်ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်အားလုံးနီးပါးလောင်ကျွမ်းသွားပြီး သေဆုံး ဒဏ်ရာရသူစာရင်းတော့ မရှိကြောင်း တာဝန်ကျစခန်းမှူးက ပြောသွားပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေးမေးမြန်းနေဆဲလို့  စခန်းမှူးက ပြောသွား ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်က မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အမ်အေတီ ( ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံများအဖွဲ့ချုပ် ) ကို ဒီဗွီဘီက မေးမြန်းရာမှာ မီးလောင်တဲ့ နေရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း နေထိုင်ကြပေမယ့် သူတို့အဖွဲ့ဆီကိုတော့ တစုံတရာ အကူအညီတောင်းခံလာတာ အကြောင်းကြားတာ မရှိဘူးလို့ အမ်အေတီအဖွဲ့ဝင် ကိုခွန်က ပြောပါတယ်။

More News
Up