တောင်တရုတ်ပင်လယ်တွင် ဝေဟင်ပစ်ဒုံးကျည် တရုတ်ဖြန့်ကြက်

ဂြိုဟ်တုမှရိုက်ကူးသည့် ဖေဖော်ဝါရီ ၃ ရက်ပုံနှင့် ဖေဖော်ဝါရီ ၁၄ ရက်ပုံ
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတကျွန်းပေါ်မှာ အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို ဖြန့်ကြက်ချထားတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်ကြောင်း ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က အတည်ပြုပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ကွန်မြူနစ်တရုတ်နိုင်ငံက Paracel ကျွန်းစုတွေထဲမှာ အကြီးဆုံး Woody ကျွန်းပေါ်မှာ ဖြန့်ကြက်ထားတာဖြစ်ကြောင်းနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။ တရုတ်ရဲ့ ဒုံးကျည်ဖြန့်ကြက်မှုသတင်းကို အဦးဆုံးဖော်ပြခဲ့တဲ့ အမေရိကန်သတင်းချယ်နယ် Fox သတင်းမှာ အရပ်ဘက် ဂြိုဟ်တုပုံရိပ်တခုအရ ဆယ်စုနှစ်ချီပြီး တရုတ်ထိန်းချုပ်ထားတဲ့ Woody ကျွန်းပေါ်မှာ ရေဒါစနစ်နဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်ရှစ်လက်နဲ့ ရေဒါစနစ်တပ်ဆင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ Woody ကျွန်းဟာ တရုတ်နိုင်ငံက Yongxing လို့သိကြပြီး ဗီယက်နမ်ကလည်း Phu Lam ကျွန်းအဖြစ် သူပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီဖြန့်ကြက်မှုသတင်းတွေကို ပယ်ချလိုက်ပြီး ဒါဟာ အနောက်တိုင်းမီဒီယာတွေက သတင်းဖန်တီးချက်ဖြစ်ကြောင်းနဲ့ သူတို့ကြိုးပမ်းမှုအပေါ် ရောင်ပြန်ဟပ်မယ်လို့ ယူဆကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောပါတယ်။ သူက “Paracels ကျွန်းတွေဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာ အဆောက်အဦတွေဆောက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာ၊ ကာကွယ်စောင့်ရှောက်တာဟာ နိုင်ငံတကာဥပဒေနဲ့ အညီ ဆောင်ရ်ွကတာဖြစ်တယ်” လို့ ပြောပါတယ်။ အမေရိကန်တာဝန်ရှိသူတဦးက ဒုံးကျည်ဖြန့်ကြက်ချထားတဲ့ပုံရိပ်ဟာ မှန်ကန်ပြီး HQ-9 လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ကြောင်း အတည်ပြုပါတယ်။ ဒီစနစ်ဟာ ကီလိုမီတာ ၂၀၀ ရှည်လျားပြီး အနီးကပ်ပျံသန်းတဲ့ အရပ်ဘက် စစ်ဘက် လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း Fox သတင်းက ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ်တွင်း စစ်အင်အားဖြည့်တင်းမှုနဲ့ ပတ်သက်လို့ တရုတ်တာဝန်ရှိသူတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ အထူးအလေးထားဆွေးနွေးမယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ဒုံးကျည်ဖြန့်ကြက်ချတဲ့သတင်းဟာ အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေးကျင်းပအပြီး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စုက တောင်တရုတ်ပင်လယ်တွင်းက အငြင်းပွားရေပိုင်နက်မှာ ဆောင်ရွက်နေတဲ့ စစ်သင်္ဘောတွေ စေလွှတ်တာမျိုးလို လွတ်လပ်စွာ ပဲ့ကိုင်ထိန်းကျောင်းမှုစစ်ဆင်ရေးတွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မစ္စတာအိုဘားမားက “အငြင်းပွားဒေသတွေမှာ ပြုပြင်ထိန်းသိမ်းမှုရပ်တန့်ရေး၊ ဆောက်လုပ်ရေးတွေရပ်ထားဖို့နဲ့ စစ်အင်အားတိုးမချဖို့ကိစ္စတွေအပါအ၀င် တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေလျော့ရေး ထင်သာမြင်သာတဲ့ခြေလှမ်းတွေအတွက် လိုအပ်ချက်တွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒီလဆန်းပိုင်းတုန်းက မြောက်ကိုရီးယားနိုင်ငံက ဒုံးပျံလွှတ်တင်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ခေတ်မီဒုံးခွင်းဒုံးနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ကြက်ဖို့ စီစဉ်နေတဲ့အပေါ် တရုတ်က ဒေသတွင်းလုံခြုံရေးအတွက် ထိပါးစေမှာဖြစ်တဲ့အတွက် ဆန့်ကျင်ကြောင်း မနေ့ကပဲ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ်တင်းမာမှု လျော့ပါးရေးကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up