စပိန်နိုင်ငံက တရုတ်အကြီးဆုံးဘဏ်ကို ဥရောပရဲတပ်ဖွဲ့ ၀င်စီး

စပိန်နိုင်ငံ မက်ဒရစ်မြို့က တရုတ်ရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ တရုတ်စက်မှုစီးပွားဘဏ် (ICBC) ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က စပိန်ရဲတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဘဏ်ရဲ့ ဒါရိုက်တာ ၅ ဦးလည်း ဘဏ်ရဲ့ ဗဟိုဌာနချုပ်မှာ အဖမ်းခံခဲ့ရပါတယ်။ ငွေကြေးခဝါချမှု စွဲချက်ကြောင့် စုံစမ်းစစ်ဆေးဖို့လို့ ဥရောပ ရဲတပ်ဖွဲ့ (ယူရိုပို) က ကြေညာချက် ထုတ်ပြန်ပါ တယ်။ စပိန်နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းရဲ့ ရန်ပုံငွေတွေကို ဒီဘဏ်ကတဆင့် တရုတ်နိုင်ငံကို လွှဲပေးခဲ့တယ်လို့ စပိန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီအမှုကို စပိန်ရဲ၊ အခွန်ဌာနနဲ့ ယူရိုပိုတို့က စုံစမ်းစစ်ဆေးနေပါတယ်။ ဘဏ်စီးနင်းမှုကို ရဲတပ်ဖွဲ့အင်အား အယောက် ၁၀၀ ကျော် ပါဝင်ခဲ့တယ်လို့လည်း ဥရောပ ရဲတပ်ဖွဲ့ (ယူရိုပို) က ပြောပါတယ်။ တရုတ်အခြေစိုက် ICBC ဘဏ်ရဲ့ ပြောခွင့်ရက ဘဏ်အာဏာပိုင်တွေဟာ ဒီအမှုကို နီးနီး ကပ်ကပ် အာရုံစိုက် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ငွေကြေးခဝါချမှု ဆန့်ကျင်ရေး စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ် အကောင်အထည် ဖော်တာနဲ့ ဥပဒေစည်းမျဉ်းတွေ အတွင်းကနေ တင်းတင်းကြပ်ကြပ် လုပ်ငန်းလည်ပတ်တာဟာ ကျနော်တို့ရဲ့ အခြေခံလုပ်ဆောင်ချက်နဲ့ စီမံခန့်ခွဲမှု စည်းမျဉ်း ဖြစ်နေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ စပိန်ရဲတွေ မနှစ်က မေလက စတဲ့ မြွေစစ်ဆင်ရေးအတွင်း အခွန်ရှောင်တဲ့ ကုန်စည်တွေကို တရုတ်ကနေ တင်သွင်းမှုကို စုံစမ်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာအုပ်စုကို ဖြိုခွဲ ခဲ့ပါတယ်။ ဒီအုပ်စုဟာ ICBC ဘဏ်ကနေတဆင့် အမေရိကန် ဒေါ်လာ အနည်းဆုံး ၄၅သန်းကို ငွေကြေးခဝါ ချခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up