ဇီကာဗိုင်းရပ်စ်နှိမ်နင်းရေး မျိုးရိုးဗီဇပြုပြင်ထားသည့်ခြင်များ သုံးရန် ဒဗလျူအိတ်ခ်ျအို ခွင့်ပြု

မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်တွေကို ဇီကာဗိုင်းရပ်စ်နှိမ်နင်းရေးမှာ စမ်းသပ်အသုံးပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဖေဖော်ဝါရီ ၁၆ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။ မျိုးဆက်မပြန့်ပွားနိုင်တဲ့ ခြင်အဖိုတွေကိုလည်း လွှတ်ပေးနိုင်တယ်လို့ ဒဗလျူအိတ်ခ်ျအိုက ထောက်ခံထားပေမယ့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ခြင်မျိုးရိုးဗီဇတခုလုံး ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ကလေးတွေ ဦးနှောက်မဖွံ့ဖြိုးဘဲ ဦးခေါင်းအရွယ် ပုံမှန်ထက် သေးငယ်ပြီး မွေးဖွားတဲ့ မိုက်ခရိုစီဖလီ (microcephaly) ရောဂါနဲ့ ဆက်စပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇီကာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ နိုင်ငံတွေမှာ လောလောဆယ် အခြေအနေမှာ ခြင်နှိမ်နင်းရေး နည်းသစ်ကော၊ နည်းဟောင်းပါ သုံးစွဲဖို့လည်း ဒဗလျူအိတ်ခ်ျအိုက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် အင်ထရိခ်စွန် (Intrexon) ဆေးကုမ္ပဏီက စမ်းသပ်ထားတဲ့ မျိုးဆက်မပြန့်ပွားနိုင်အောင် မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်တွေကို ဘရာဇီးနိုင်ငံနဲ့ ခေးမန်းကျွန်း (Cayman Islands) တို့မှာ ဇီကာဗိုင်းရပ်စ်ခြင် နှိမ်နင်းရေး စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

More News
Up