DVB Logo
Home
မြန်မာသတင်း
ကံမလယ်သမား​များ​ စွဲဆိုသည့်​အမှု ပယ်ချခံရ
DVB
·
August 1, 2011
ကံမလယ်သမား​များ​ စွဲဆိုသည့်​အမှု ပယ်ချခံရ
Donate to DVB

မ​ကွေး​တိုင်း​ ကံမမြို့​နယ်က စစ္စရံ​ကျေး​ရွာမှာ လယ်သမား​တွေရဲ့​မြေ​ပေါ် ဦး​ပိုင်ကုမ္ပဏီက ​ကော့​စတစ်ဆိုဒါစက်ရုံတည်ဖို့​ ​မြေသိမ်း​တဲ့​အမှုကို လယ်သမား​ ကိုသန်း​ဦး​ပါ ​လေး​ဦး​က စွဲဆိုတဲ့​အမှုကို မ​ကွေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီက​နေ့​ ပယ်ချလိုက်တယ်လို့​ တရား​လိုဘက်က အကြံ​ပေး​တဲ့​ အဖွဲ့​ချုပ်ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ပြောပါတယ်။

ဘာ​ကြောင့်​ ပယ်တယ်ဆိုတာကို​တော့​ ​နောက်ရက်ပိုင်း​ကျမှ သိနိုင်မယ်လို့​ သူက ​ပြောပါတယ်။

ကိုသန်း​ဦး​ပါ ငါး​ဦး​ဟာ သူတို့​မြေ​တွေ​ပေါ်မှာ ဦး​ပိုင်ကုမ္ပဏီက ​မြေသိမ်း​ပြီး​ ​ကော့​စတစ်စက်ရုံ စီမံကိန်း​အ​ကောင်အထည်​ဖော်တာကို ကံမမြို့​နယ်တရား​ရုံး​မှာ တရား​စွဲရာမှာ ရဲရဲ့​အစီရင်ခံစာပါ ပြစ်မှုမ​မြောက်ဘူး​ဆိုတဲ့​ တင်ပြချက်အ​ပေါ် မူတည်ပြီး​ ကံမမြို့​နယ်တရား​ရုံး​က အမှုကိုပယ်ချခဲ့​ပါတယ်။

ဒီ​နောက် သရက်ခရိုင်တရား​ရုံး​ကို ထပ်တင်ရာမှာ အကျဉ်း​နည်း​နဲ့​ ပယ်ချခံရပြန်တာ​ကြောင့်​ မ​ကွေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်ကို ထပ်မံတင်ခဲ့​တာပါ။

တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က အမှုကိုလက်ခံပြီး​ နှစ်ဘက်​လျှောက်လဲချက်​တွေကို ကြား​နာခဲ့​ပြီး​ အမှု​တွေကို ​အောက်ရုံး​အတိုင်း​ပဲ ပယ်ချခဲ့​တာဖြစ်ပြီး​ စီရင်ချက်မှာ ဘာ​ကြောင့်​ ပယ်တယ်ဆိုတာကို မ​ဖော်ပြ​သေး​ဘူး​လို့​ ဆိုပါတယ်။

ဒီအမှုသုံး​ခုက​တော့​ ဦး​ပိုင်ကုမ္ပဏီကတာဝန်ရှိသူ ဗိုလ်မှူး​ဟောင်း​ ဦး​ဝင်း​မြင့်​နဲ့​နှစ်ဦး​ကို စွဲဆိုထား​တဲ့​ ပိုင်နက်ကျူး​လွန်မှု၊​ အကျိုး​ပျက်စီး​မှု၊​ ခြိမ်း​ခြောက်မှု​တွေဖြစ်ပါတယ်။ ဒီသုံး​မှုစလုံး​ကို တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ပယ်ချခဲ့​တာ ဖြစ်ပါတယ်။

အခုပယ်ချခံရတဲ့​အမှု​တွေမှာ တရား​လိုဖြစ်တဲ့​ လယ်သမား​ဦး​သန်း​ဦး​ပါ ​လေး​ဦး​နဲ့​ ကျန်တဦး​ဟာ အဲဒီဦး​ပိုင်ကုမ္ပဏီဝန်ထန်း​တွေက ရိုက်နှက်မှုကျူး​လွန်ပြီး​ ပိုက်နက်ကျူး​လွန်မှု၊​ လိုင်စင်မဲ့​ဆိုင်ကယ်စီး​နင်း​မှု စတဲ့​အမှု စွဲချက်​တွေကို ခံရပြီး​ တရား​ရုံး​က ​ထောင်ဒဏ်ချမှတ်ပြီး​ကာမှ အပြစ်မှ​လျှော့​ပေါ့​ပေး​သည်ဆိုပြီး​ အား​လုံး​ကို ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

ပြန်လည်လွတ်​မြောက်တဲ့​ လယ်သမား​တွေဟာ သူတို့​မှာအပြစ်မရှိတဲ့​အတွက် ​လျှော့​ပေါ့​ပြစ်ဒဏ်ချမှတ်တာကို လက်မခံနိုင်ဘဲ အပြစ်မရှိ​ကြောင်း​ တရား​ရုံး​မှာ ဦး​တိုက်​လျှောက်ဖို့​ ပြင်ဆင်​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013