DVB Logo
Home
မြန်မာသတင်း
လုပ်ထုံးလုပ်နည်းများကြောင့် ပင်စင်လစာသစ် မခံစားကြရသေး
DVB
·
August 1, 2011
Donate to DVB

ဇူလိုင်လမှာ တိုးမြှင့်ရရှိမယ့် ပင်စင်လစာသစ်တွေကို အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ပင်စင်စားတွေ ခုထိ မခံစားကြရသေးဘူးလို့ လယ်ဝေးက အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးတင်အေးက ပြောပါတယ်။

“အဓိကကတော့ ကြိုးနီစနစ်ပေါ့။ အရင်တုန်းကလိုပဲ လုပ်တာပဲ။ တကယ်တမ်းက ကျနော်တို့မြင်းခြံကလူက တာဝန်ခံပြီးရင် ဘဏ်ကိုပေးလိုက်ရုံပဲ။ ကျနော်တို့မှာ စာအုပ်လည်းရှိပြီ။ သူတို့လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းတွေလည်း သူတို့ကို ပေးထားပြီးပြီ။ အဲဒါ ကျနော်တို့ တိုးမြှင့်တဲ့ လစာအတိုင်းကိုပဲ စာရင်းကို ဘဏ်စာအုပ်ထဲမှာ ထည့်ပေးပြီးရင် ဘဏ်ကလက်ခံရင် ပြီးတာပဲ။ အခု အဲလိုမဟုတ်ပဲနဲ့ မန္တလေးပို့၊ မန္တလေးကမှ ကျနော်တို့ကိုပြန်ပို့၊ ဒါမှမဟုတ် ရုံးကိုပို့။ ပြီးမှ သူတို့ကတခါ ကျနော်တို့ကို ပြန်ပေးမယ်ဆိုတဲ့ လုပ်ငန်းတွေကို လုပ်ပေါ့။”

ပင်စင်လစာသစ် မခံစားကြရသေးတဲ့အပြင် မြို့နယ်ပညာရေးမှူးရုံးက လမ်းစရိတ်တောင်းလို့ ပင်စင်စားတဦးကို ကျပ်သုံးထောင် ပေးထားရတယ်လို့လည်း ပြောပါတယ်။

အခြား ပြည်နယ်၊ တိုင်း၊ မြို့နယ်အချို့မှာလည်း အလားတူ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတာပါ။

ပင်စင်စားတွေ ပင်စင်ထုတ်ဖို့ အခက်အခဲ တွေ့နေကြရတာဟာ ကြိုးနီစနစ်ကြောင့် ဆိုတာ ဟုတ်သလို တခြားတိုင်းပြည်တွေက အစိုးရ အဖွဲ့အစည်းတွေလို  ကွန်ပျုတာစနစ် မသုံးနိုင်သေးတာလည်း တကြောင်း ပါတယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ၀န်ထမ်းပိုင်း အားနည်းချက် ရှိတာတွေကိုလည်း ဦးဖုန်းမြင့်အောင်က ခုလို ထောက်ပြ ပြောဆိုပါတယ်။

“စနစ်ကိုက ကြိုးနီစနစ် ဖြစ်တယ်။ ကွန်ပျူတာ စနစ် မသုံးနိုင်ဘူး။ အဲဒီ အခက်အခဲတွေကိုလည်း မြင်တွေ့နေရတယ်ပေါ့နော်။ နောက် ၀န်ထမ်းထဲကလည်း အဓိက ကိုယ့်ဘာသာကိုယ် တာဝန်ယူပြီး လုပ်၊ ကိုယ့်ဘာသာကိုယ် လိုက်ဖြေရှင်းသင့်တဲ့နေရာ ဖြေရှင်းပေါ့။ တာဝန်ယူချင်တဲ့စိတ်က ၀န်ထမ်းတွေက နည်းသွားပြီဗျ။ အထက်အဆင့်ဆင့်လည်း အကြီးအကဲတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီဝန်ထမ်းတွေကို ဒီလိုမျိုး ဖြစ်အောင် လေ့ကျင့် မပေးခဲ့ဘူးဗျာ။ ငါ့ဆီ လက်မှတ်ထိုးတင်၊ ငါ့အကြောင်းကြား၊ ငါ့ခွင့်ပြုချက်ရမှ လုပ်ဆိုတာမျိုးတွေ များခဲ့တော့ အောက်ခြေ၀န်ထမ်း တော်တော်များများက ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်နေတာပေါ့နော်။”

ပင်စင်စားတွေ အနေနဲ့ ချက်ချင်း မခံစားကြရသေးပေမယ့် နောက်တော့ စုပေါင်းပြီး ထုတ်ခွင့်၊ ခံစားခွင့် ရကြမှာ ဖြစ်တယ်။ ပင်စင်လစာသစ် ဆိုတော့ အမြန်ထုတ်ချင်၊ ခံစားကြချင်မှာပေါ့လို့လည်း ဆိုပါတယ်။

အစိုးရက ပင်စင်လစာတွေ တိုးပေးလိုက်တဲ့အကြောင်း ဇွန်လ ၃၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပင်စင်စားတွေ ပင်စင်ထုတ်ဖို့ အချက်အလက် အခက်အခဲတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီနောက် ပင်စင်ထုတ်တဲ့အခါ လွယ်ကူ အဆင်ပြေစေဖို့ ပင်စင်စာအုပ် ရှိရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေက ဆောင်ရွက် ပေးမယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် အသိပေး ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပင်စင်လစာသစ် ထုတ်ရမယ့် ဇူလိုင်လကျော် လွန်ခဲ့ချိန်ထိ အခုလို ထုတ်မရသေးတဲ့ အဖြစ်တွေ တွေ့ကြုံနေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013