မီးဘေးကြိုတင်ကာကွယ်ဆောင်ရွက်ရန် ကော့မှူးအမတ်မေတ္တာရပ်ခံ
DVB
·
February 15, 2016
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင် ဆောင်ရွက်ထားဖို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာကို မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဒေသအနှံ့ ပေါ့ဆမီးလောင်ကျွမ်းမှုတွေ အများအပြား ဖြစ်ပွားနေတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ မီးသတ်ဌာနနဲ့ ပူးပေါင်းပြီး ကော့မှူးမြို့နယ်တွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်ဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲနဲ့ အကြောင်းကြားစာပေးပို့ တိုက်တွန်းလိုက်တာပါ။
နွေရာသီရောက်လာတာနဲ့အမျှ ကော့မှူးမြို့နယ်မှာ ရေရှားပါးမှာဖြစ်လို့ မီးဘေးကြုံလာရင် အရေးပေါ်သုံးနိုင်အောင် မြို့နယ်ကျေးရွာအုပ်စုအလိုက် အနီးဆုံးရေရရှိနိုင်မယ့် နေရာတွေ ကွင်းဆင်းကြည့်ရှူထားဖို့၊ လူနေထူထပ်တဲ့ ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ ရုံးတွေမှာ လျှပ်စစ်မီးသွယ်တန်းမှု စနစ်တကျရှိမရှိ လျှပ်စစ်ဌာနနဲ့ ပူးပေါင်း လိုက်လံစစ်ဆေးဖို့ အကြံပြု ထားပါတယ်။
ဒါ့အပြင်ဓာတ်ဆီဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ လောင်စာဆီသိုလှောင်မှုအခြေအနေကို လိုက်လံကြည့်ရှူပြီး လုံခြုစိတ်ချရအောင်ကြိုတင်ဆောင်ရွက်ဖို့၊ လူနေအိမ်ခြံဝင်းတွေမှာ မီးလောင်၊ မီးကူးလွယ်တဲ့ပစ္စည်းတွေထားရှိတာနဲ့ပတ်သက်လို့ သတိပေးဖို့တွေလည်း ပါဝင်ပါတယ်။
လူနေအိမ်၊ ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဆေးရုံးနဲ့ ရုံးတွေမှာ မီးသတ်ဘူးတွေ ဆောင်ထားဖို့ ပညာပေးလှုံ့ဆော်ပြီး ကော့မှူးမြို့နယ် တခုလုံးအတိုင်းအတာနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ထား ပါတယ်။
ကော့မှူးမြို့နယ်မီးသတ်ဌာနက တပ်ကြပ်ကြီး ဦးလင်းဇော်ဦးကတော့ မီးဘေးကြိုတင် ကာကွယ်ရေးနဲ့ ပတ်သက်လို့ ယခင်ကတည်းကဆောင်ရွက်နေသလို မနေ့ကလည်း မြို့နယ်မှူးရုံးခန်းမှာ ဒီကိစ္စ အရေးပေါ် အစည်းအဝေးခေါ် ယူကျင်းပ ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က နဂိုကတည်းက တအိမ်တက်ဆင်း မီးသတိမူရေး မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအလုပ်တွေ မြို့ပေါ် ၇ ရပ်ကွက်မှာ ဆက်တိုက်လုပ်နေပါတယ်။ ရေလည်းအလုံအလောက် ရှိပါတယ်။ သဘာဝရေကန်ချည်းပဲ ၁၂ ကန်ရှိပါတယ်။ အခုဆိုရင် ဓာတ်ဆီဆိုင်တွေကို မြို့တွင်းမှာ မရောင်းဖို့ မေတ္တာရပ်ခံ အကြောင်းကြားထားတယ်”လို့ ပြောပါတယ်။
ကော့မှူးမြို့နယ်အတွက် မီးသတ်ဌာနမှာ မီးသတ်ကား ၃ စီး အဆင်သင့် ထားရှိ တယ်လို့လည်း ဆိုပါတယ်။
ကော့မှူးမြို့နယ်အတွင်း ခုနှစ်ပိုင်းတွေအတွင်း မီးလာင်ကျွမ်းမှု ကြီးကြီးမားမားဖြစ်ပွားခဲ့တာ မရှိဘဲ ၂၀၁၅ အောက်တိုဘာက နေအိမ် ၄ လုံးပါသွားတဲ့ မီးလောင်မှုနောက်ဆုံး ဖြစ်ပွားခဲ့ဖူးပါတယ်။