အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ယနေ့ ကျင်းပမည်

အမေရိကန်နဲ့ အာဆီယံ ၁၀ နိုင်ငံတို့ရဲ့ ထိပ်သီးအစည်းအဝေးကို ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဆန်နီလန်းစ် (Sunnylands) အပန်းဖြေစခန်းမှာ သမ္မတ အိုဘားမားက ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာပါ။ ၂ ရက်ကြာ ပြုလုပ်မယ့် ဒီညီလာခံမှာ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုကိစ္စ အပါအ၀င် ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသစ်တွေ ထူထောင်ရေး  စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို သမ္မတ ဦးသိန်းစိန် မတက်ရောက်ဘဲ ဒု-သမ္မတ ဦဉာဏ်ထွန်း တက်ရောက်မယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဦးသိန်းစိန် အာဆီယံထိပ်သီး အစည်းအဝေးကို မတက်ရောက်တာဟာ မတ်လကုန်မှာ သက်တမ်းကုန်တော့မယ့် သူ့အစိုးရအနေနဲ့ အာဏာလွှဲပြောင်းရေး ကိစ္စတွေကို ဆောင်ရွက်ဖို့ အာရုံစိုက်နေတဲ့အတွက် မတက်ရောက်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။ သမ္မတရဲ့ ပြောခွင့်ရသူကတော့ အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ ကာလမှာ နိုင်ငံရေး တည်ငြိမ်မှုနဲ့ ပြည်သူတွေရဲ့ တည်ငြိမ်မှုကို ထိခိုက်အောင် လုပ်လာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေ ရှိတာကြောင့် သမ္မတအနေနဲ့ နိုင်ငံတွင်းမှာ ရှိနေဖို့က ပိုအရေးကြီးလို့ ထိပ်သီးအစည်းအဝေးကို မတက်ဖို့ ဆုံးဖြတ်တာလို့ ဆိုထားပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ လူထုတည်ငြိမ်မှုကို ထိခိုက်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့  ဘယ်လိုမှန်းဆချက်တွေ ရှိနေသလဲ ဆိုတာကိုတော့ သမ္မတရဲ့ ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း ပြောသွားတာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up