DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဥပဒေပြဋ္ဌာန်းနိုင်ရေး အဓိက ဆွေးနွေးမည်
DVB
·
August 1, 2011
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဥပဒေပြဋ္ဌာန်းနိုင်ရေး အဓိက ဆွေးနွေးမည်
Donate to DVB

လာမယ့် ၂၂ ရက်နေ့မှာ စတင်ခေါ်ယူမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ နှစ်ခုပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ ဥပဒေ ပြဋ္ဌာန်း အတည်ပြုနိုင်ရေးအတွက် အဓိက ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒုတိယအကြိမ် ပုံမှန် လွှတ်တော် အစည်းအဝေးတွေကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌတွေက ဒီလ ၂၂ ရက်နေ့မှာ ကျင်းပဖို့ ဒီကနေ့မှာ နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် ခေါ်ထားပြီး ဒီတကြိမ် အစည်းအဝေး အတွင်းမှာ ဥပဒေပြုရေးဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြဋ္ဌာန်းဖို့ ရှိနေတာပါ။

ဒါ့အပြင် အစိုးရအသုံးစရိတ် ဘတ်ဂျက်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြဋ္ဌာန်းဖို့ ရှိတယ်လို့ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေမူကြမ်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

“ကျနော်တို့ ရေးရာ ကော်မတီ အစည်းအဝေးတွေမှာ စိစစ်ထားတဲ့ ဥပဒေတွေပေါ့နော်။ ဖျက်ရမယ့် ဥပဒေတွေ၊ ပြင်ရမယ့် ဥပဒေတွေ၊ အဲဒါတွေကို အဓိက သွားမယ်လို့ ထင်ပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက်က ပုံမှန်ဘတ်ဂျက်ကြီး ပြီးတဲ့အခါကျရင် နှစ်ဝက်ဖြည့်စွက် ရန်ပုံငွေပေါ့လေ။ အဲဒီဘတ်ဂျက်ကိုလည်း ပြဋ္ဌာန်းဖို့လည်း ရှိမယ် ထင်ပါတယ်။ ”

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးအတွက် လွှတ်တော်အမြဲတမ်းရေးရာ ကော်မတီတွေရဲ့ အစည်းအဝေးတွေကိုလည်း လာမယ့် ၈ ရက်နေ့မှာ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။

ဒီအစည်းဝေးတွေမှာတော့ အစိုးရအဖွဲ့က အသစ်ပြဋ္ဌာန်းမယ့်၊ ဖျက်သိမ်းရမယ့် ဥပဒေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို အဆိုတင်သွင်းဖို့ ဆုံးဖြတ်ရမှာတွေလည်း ရှိနေတယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ဆိုပါတယ်။

“ကျနော်တို့ အစည်းအဝေးတွေမှာ ဆွေးနွေးခဲ့တဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားရေးဆိုင်ရာ ဥပဒေပေါ့နော်။ အဲလိုမျိုး ဥပဒေမျိုးတွေတော့ ပါလာလိမ့်မယ် ထင်ပါတယ်။ နောက်တခါ ဖျက်ဖို့ ဥပဒေ၊ ဥပမာ နိုင်ငံခြားငွေ ကိုင်ဆောင်မှုပေါ့။ အဲလို ဥပဒေမျိုးကိုတော့ ဒီတကြိမ်မှာ ဒါတွေ တော်တော် များများစားစား လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုကျတော့ အစိုးရ ဘက်ကနေပြီးတော့ တင်လာရမယ့် ဥပဒေတွေ အများကြီး ရှိပါလိမ့်မယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဥပဒေ၊ ပုဂ္ဂလိက ပညာရေး ဆိုင်ရာ ဥပဒေတွေပေါ့၊ အဲဒီလို ဥပဒေ အသစ်တွေပေါ့ ကျနော်တို့ အတည်ပြုပေးဖို့ အများကြီး ရှိလိမ့်မယ် ထင်ပါတယ်။”

အစိုးရရဲ့ အသုံးစရိတ် ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း ပြည်သူ့လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက အခုလို ရှင်းပြပါတယ်။

“ကျမ အကြံပေးထားတာကတော့ အရင်က တော်လှန်ရေး ကောင်စီ လက်ထက်မှာ ထုတ်ပြန်ထားတဲ့ ရသုံးမှန်းချေ ငွေစာရင်းနဲ့ ပတ်သက်လို့  ပြည်သူသို့ အစီရင်ခံစာလေ အဲဒီလိုမျိုး နမူနာတွေ လုပ်ရမယ်။ အဲဒီ အစိုးရလက်ထက်မှာ အဲဒါ အကောင်းဆုံး နမူနာပဲလေ။ အဲလိုမျိုး လုပ်ရမယ်လို့ ကျမက ပြောထားပါတယ်။”

ဒါ့အပြင် အစည်းအဝေးအတွင်းမှာ လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း အမျိုးသားလွှတ်တော်ရဲ့ အစိုးရရဲ့ ကတိနဲ့ အာမခံချက်တွေကို စိစစ်ရမယ့် ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားပါတယ်။

“လွှတ်တော်နဲ့ ပတ်သက်တဲ့ အမြဲတမ်း ကော်မတီတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ လုပ်ပိုင်ခွင့်တို့၊ ရပိုင်ခွင့်တို့နဲ့ ဒါတွေနဲ့ ပတ်သက်လို့ ဥပဒေကြမ်းလုပ် တင်နိုင်ပါတယ်။ နောက်တခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ကော်မတီဖွဲ့ပြီးမှ ပြည်ထောင်စု တနံတလျားကို စေလွှတ်တာမျိုးလည်း ပေါ်လာနိုင်ပါတယ်။ ကျနော်တို့ အခြေအနေ ကြည့်ရဦးမှာပါ။”

ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွေထဲမှာတော့ ဒီမိုကရက် အင်အားစုတွေ တင်သွင်းတဲ့ အဆိုအများစုကို အာဏာရ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဘက်က ပယ်ချမှုတွေ အများအပြား ရှိခဲ့ပြီး ဒီတကြိမ် အစည်းအဝေးမှာရော ဒါမျိုးတွေ ထပ်ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်အရပ်ရပ်က ဆွေးနွေး အတည်ပြု ပြဌာန်းမယ့် ဥပဒေတွေကရော ပြည်သူတွေ အပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေတွေဖြစ်လာ မလား ဆိုပြီးတော့လည်း သံသယတွေ ရှိနေကြပါတယ်။ ဒီအပေါ်ကို ဒေါက်တာ မြတ်ဥာဏစိုးကတော့ အခုလို သုံးသပ်ထားပါတယ်။

“ပြည်သူတွေအပေါ်မှာ ၀န်ထုပ်ဝန်ပိုး ကြီးထွားမယ့် ဥပဒေမျိုးတွေကတော့ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးပေါ့ ဒါကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ကျနော်တို့က ပြည်သူအပေါ်မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်မယ့် ဥပဒေတွေကို မပြဋ္ဌာန်းမိစေဖို့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။ အဲတော့ ကျနော်တို့ ဒီဘက်ကနေ တင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရကနေ တင်လာတဲ့ အခါကျရင်လည်း ကျနော်တို့ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒါတွေကို စိစစ်မှာ။ စိစစ်ပြီးတဲ့ အခါကျရင် ပြည်သူလူထုအပေါ်မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အချက်တွေ တွေ့ရင် ဒါကို မှတ်ချက်နဲ့ တကွ ဖော်ပြပြီးမှ လွှတ်တောကို တင်ပြမှာ ဖြစ်ပါတယ်။”

ဒီလ ၂၂ ရက်နေ့ ပြုလုပ်မယ့် လွှတ်တော် အစည်းအဝေးဟာ အစိုးရသစ် လက်ထက် ပထမဆုံးခေါ်ယူတဲ့ ပုံမှန်အစည်းအဝေး ဖြစ်ပါတယ်။

ဒီလွှတ်တော်အစည်းဝေးကို အစိုးရသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ၂၁ ရက်ကြိုတင် ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီအရင်ကတော့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်နဲ့ နအဖစစ်ကောင်စီက ၂၂ နှစ်တာ ကာလအတွင်း ပထမဆုံးလွှတ်တော်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် ခေါ်ယူ ကျင်းပပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ကို အာဏာ လွှဲပြောင်းပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013