DVB Logo
Home
ဆောင်းပါး
တွေ့ဆုံဆွေးနွေးပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ခြေလှမ်းအစလား
DVB
·
August 1, 2011
တွေ့ဆုံဆွေးနွေးပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ခြေလှမ်းအစလား
Donate to DVB

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ၁ နာရီ မိနစ် ၂ဝ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အသေးစိတ် အချက်အလက် ထုတ်ပြန်တာ မရှိသလို ပူးတွဲ သဘောတူညီချက် ဆိုတာမျိုး ထုတ်ပြန်တာလည်း မရှိခဲ့ပါဘူး။

အကျဉ်းရုံး သတင်းစာရှင်းလင်းပွဲလေးတခု လုပ်ပြီး သတင်းထုတ်ပြန်ချက် တခုသာ လုပ်လိုက်နိုင်တာ တွေ့ရပါတယ်။ ဒီ တွေ့ဆုံဆွေးနွေးပွဲ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ဒီ့မတိုင်ခင်က အခြေအနေ ဘယ်လို ရှိသလဲ၊ ဒီတွေ့ဆုံ ဆွေးနွေးပွဲကို ပြည်သူတွေ ဘယ်လို သဘောထားကြသလဲ ဆိုတာ ခုတပတ် ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ကြတာ အထူးအဆန်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က (၉) ကြိမ်တိတိ တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပါတယ်။ လက်ဆုပ်လက်ကိုင် ပြစရာ ဘာရလဒ်မှ မယ်မယ်ရရ ထွက်လာတာ မတွေ့ရပါဘူး။

စစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုသာ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေသယောင် လိမ်လည်လှည့်စားမှုတွေ အဖြစ်သာ ကျန်ရစ်တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ဆိုပြီးတောင် နာမည်ပေးလိုက်ပါသေးတယ်။ နောက်ပိုင်း မလိုအပ်တော့ဘူးလို့ ယူဆတဲ့အခါ ဘာမှ မကြေညာဘဲနဲ့ ဆွေးနွေးပွဲတွေကို လုံးဝ ရပ်ပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်တုန်းကလည်း ဦးသိန်းစိန် အစိုးရ တာဝန်ရှိသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးသာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မလား ဆိုတဲ့ မေးခွန်းတွေကိုလည်း လွှတ်တော်ဆိုတာ ရှိလာပြီမို့ လွှတ်တော်ထဲမှာပဲ ဆွေးနွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပြီး ပါတီကို မှတ်ပုံပြန်တင်၊ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ နောက် (၅) နှစ်မှာ လုပ်မယ့် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ပြီး လွှတ်တော်ထဲ ကိုယ်စားလှယ်တွေ ရောက်မှသာ ဆွေးနွေးဆိုတဲ့ သဘောမျိုး အဖြေ ပေးခဲ့ပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ သူတို့ ရပ်တည်မှု ခိုင်မာနေပြီမို့ တွေ့ဆုံ ဆွေးနွေးရေးကို ငြင်းပယ်ထားလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါတင်မက သိပ်မကြာသေးခင်တုန်းကပဲ ပြည်ထဲရေးဝန်ကြီးကနေ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူပြီး အန်အယ်လ်ဒီ ရပ်တည်ရေး ကိစ္စ သတိပေးခဲ့ပါသေးတယ်။ အဓိကကတော့ အန်အယ်လ်ဒီကို ပြန်မှတ်ပုံတင်ဖို့ ဖိအားပေးတာပါ။

ဦးသိန်းစိန် အစိုးရဟာ ခုလို သူတို့ရပ်တည်ချက် ခိုင်မာတယ် ယူဆပြီး တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေပေမယ့် ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ မိသားစုတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ဆက်ပြီး ဖိအားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရအဖွဲ့အတွက် အဆိုးဆုံး အကျပ်အတည်းကတော့ အာဆီယံ ဥက္ကဋ္ဌ ရာထူးနေရာ ဆက်ခံရေးပြဿနာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်တွေထဲက တချို့နိုင်ငံတွေဟာ ဦးသိန်းစိန် အစိုးရအနေနဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ရယူဖို့ဆိုရင် တကယ့်ကို ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရမယ်၊ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ရမယ် ဆိုပြီး တောင်းဆိုတာတွေ ရှိလာခဲ့ပါတယ်။

ဒီအတွက်ကြောင့်ပဲ ဦးသိန်းစိန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး နေပါတယ်ဆိုတာကို ပြသဖို့ ခုလို ဆိုင်းမဆင့် ဗုံမပါ ဆွေးနွေးပွဲ လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါကို မှန်ကန်ကြောင်း အတည်ပြုနိုင်မယ့် အချက်အလက်တွေလည်း အမှန်ပဲ ရှိနေခဲ့ပါတယ်။

ဆွေးနွေးပွဲ မတိုင်ခင်ရက်မှာ အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်၊ တွေ့ဆုံဆွေးနွေးပွဲပြီးရင် ပူးတွဲ သတင်းထုတ်ပြန်ချက် တခု ထုတ်မယ် ဆိုပြီး ကြိုတင် ကမ်းလှမ်းထားခဲ့တာ ရှိလေတော့ ဒီ သတင်းကို ထုတ်ပြန်ချင်လို့ လုပ်တာပဲ ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ပိုပြီး ခိုင်မာစေပါတယ်။

တကယ်တော့ ဒီ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာချက်မှာ ဦးအောင်ကြည်ဟာ ဆက်ဆံရေးဝန်ကြီး အဆင့် ဟုတ်မဟုတ်၊ ဆွေးနွေးပွဲကို ဘယ်အတိုင်းအတာ အထိ လုပ်မယ်၊ နောက်တကြိမ် ဘယ်တော့လောက် ပြန်တွေ့ဆုံမယ် ဆိုတာမျိုးကိုလည်း တိတိကျကျ ဆွေးနွေး ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

ဒီအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်မယ် မလုပ်ဘူး၊ တိုးတက်မှု တစုံတရာ ရှိအောင် လုပ်မယ် မလုပ်ဘူး ဆိုတာဟာလည်း ဦးသိန်းစိန် အစိုးရဘက်က သဘောအတိုင်း ဖြစ်မယ့် အခြေအနေ ရှိနေပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကတော့ ဒီဆွေးနွေးပွဲဟာ လက်ရှိ အစိုးရက လုပ်တာဖြစ်ပြီး လွှတ်တော်မှာ ဆွေးနွေးပြီး ပေါ်ပေါက်လာတဲ့ ဆွေးနွေးပွဲ အမျိုးအစား မဟုတ်တာဟာလည်း အာမခံချက် သိပ်မရှိသလို ဖြစ်စေပါတယ်။

ဒီအတွက် ပြည်တွင်းက ဝေဖန်သူ အများစုကတော့ ဦးသိန်းစိန် အစိုးရဟာ အာဆီယံ ဥက္ကဋ္ဌ နေရာရအောင်၊ ဒီနေရာအတွက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဝေဖန်မှုတွေ မခံရလေအောင် ဆွေးနွေးပွဲတွေ ပြန်စတင်နေတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလိုက်တယ်လို့ ပြောဆိုနေကြပါတယ်။

အရင်က လုပ်ခဲ့ဖူးတဲ့ ဆွေးနွေးပွဲတွေလိုပဲ ပုံစံ အမျိုးမျိုးနဲ့ အချိန်ဆွဲနိုင်တယ်၊ မလိုအပ်ရင် အချိန်မရွေး ရပ်ဆိုင်းလိုက်နိုင်တယ် ဆိုပြီး ပြောဆိုကြပါတယ်။ တချို့ ဝေဖန်သူတွေကတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ ဘယ်လို အကြောင်းကြောင့်ပဲ ဆွေးနွေးပွဲ လုပ်လုပ်၊ လုပ်ခဲ့တယ်ဆိုရင်ပဲ အရင်က ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် နိုင်ငံသားတယောက် ဖြစ်တယ်ဆိုတာ၊ ဆွေးနွေးစရာ ရှိတာတွေကို လွှတ်တော်ထဲမှာပဲ ဆွေးနွေးမယ် ဆိုတာ စတာတွေကို ချေဖျက်သလို ဖြစ်သွားတဲ့အတွက် အကျိုးရှိတယ် ဆိုပြီးတော့လည်း သုံးသပ်ကြပါတယ်။

သာမန် တိုင်းသူပြည်သားတွေ အတွက်ကတော့ ခုလိုပဲ အရင်တုန်းကလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့တာတွေကို ကြည့်ပြီး ခုတခေါက် ဆွေးနွေးပွဲကနေ ဘာ ထူးခြားမှုမှ ရှိလာမှာ မဟုတ်ဘူးလို့ ထင်မြင်ယူဆလျက် ရှိနေကြကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013