Home
မြန်မာသတင်း
မန္တလေးတိုင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီ
နော်နိုရင်း
·
July 31, 2011
မန္တလေးတိုင်း နိုင်ကျဉ်းလူမှုကူညီရေးကွန်ရက်အဖွဲ့ကနေပြီး မန္တလေးတိုင်းအတွင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၅ ဦးကို ဒုတိယအကျော့အဖြစ် ကူညီနေပါတယ်။ နိုင်ကျဉ်းလူမှုကူညီရေး ကွန်ရက်အဖွဲ့ဟာ အဖွဲ့ချုပ်ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပြီး မန္တလေးတိုင်းက နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကတည်းက ကူညီပေးတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၄၅ ဦးကို တဦး ကျပ် ၅ သောင်းစီ ကူညီတာဖြစ်ပြီး အခု ဒုတိယ အကျော့ ထပ်မံကူညီတာ ဖြစ်တယ်လို့ အဖွဲ့မှာ ပါဝင်တဲ့ ဦးကိုလေးက ပြောပါတယ်။ ဒီနေ့မှာတော့ မန္တလေးမြို့ပေါ်မှာ ၃ ဦးနဲ့ အိုးဘိုတဦး၊ မိထ္ထိလာ တဦး ပေါင်း ၅ ဦး ကို ကူညီခဲ့တယ်လို့ နိုင်ကျဉ်း လူမှုကူညီရေး ကွန်ရက်အဖွဲ့က ဦးကိုလေးက ပြောပါတယ်။ ဦးဇော်တူး (မြောင်းမြထောင်)၊ ကိုအောင်ကိုလွင် (အိုးဘိုထောင်)၊ ကိုသီဟ (မိတ္ထီလာထောင်)၊ ကိုအောင်မင်း (သာယာဝတီထောင်)၊ ကိုဝင်းရှိန် (အိုးဘိုထောင်) တို့ ငါးဦးကို နိုင်ကျဉ်းလူမှုကူညီရေးကွန်ရက် (မန္တလေး) အနေနဲ့ ဒုတိယအကြိမ်အဖြစ် တဦးလျှင် ငါးသောင်းကျပ်နှုန်းစီ ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။ အကူအညီကို လက်ခံတဲ့  ကျောင်းသားခေါင်းဆောင် ကိုအောင်ကိုလွင်ရဲ့ မိခင် ဒေါ်တင်သန်းလွင် ကတော့ အခုလို ကူညီတာကို ၀မ်းသာကြောင်း၊ သားဖြစ်သူ အမြန် ပြန်လွတ် မြောက်စေချင်တယ်လို့ ပြောပါတယ်။ မန္တလေးဘက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသလိုပဲ ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ ခရမ်းမြို့နယ် အဖွဲ့ချုပ်ဝင်တွေ၊ ပြည်သူတွေနဲ့ နော်အုန်းလှ ဦးဆောင်တဲ့ အင်္ဂါဘုရားဖူးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ခရမ်းမြို့နယ် သတ္တမဇင် ကြေးသွန်းဘုရားမှာ ဆုတောင်းခဲ့တယ်လို့ ပြီးခဲ့တဲ့မေလကမှ ပြန်လွတ်လာတဲ့ ကိုညီညီစံက ပြောဆိုခဲ့ပါတယ်။ “၂၀၀၀ ကျော်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး အတွက် ကျနော်တို့ ဆုတောင်းရတာပါ။ အစိုးရ အသွင်သွင် ပြောနေတဲ့ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့။ ကျနော်ကိုယ်တိုင် နိုင်ငံရေးလုပ်လို့ နိုင်ငံရေးမှုနဲ့  ထောင်ကျပြီး အခု ပြန်လွတ်လာတယ်။ ကျနော်ရဲ့ နောင်တော်တွေ အစ်ကိုတော်တွေ ၈၈ ကိုမင်းကိုနိုင်၊ နာဂစ်မှာ အကူအညီပေးတဲ့ ကိုဇာဂနာ၊ လူ့အခွင့်အရေးကို ဆောင်ရွက်နေတဲ့ မစုစုနွေး၊ အများကြီးပါ။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကလည်း တနှစ်ပဲ ပေးတာဆိုတော့ ကျနော်တို့က သူတို့တွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာအောင် ဘုရားမှာ လာပြီးတော့ သစ္စာပြုတာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024