Home
မြန်မာသတင်း
ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည်ကို အင်းတော ဒေသခံများစိုးရိမ်
DVB
·
February 12, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောက်တောရွာနဲ့ ဥသျှစ်ကုန်းရွာကြား သစ်တောကြိုးဝိုင်းဧရိယအတွင်းမှာ ကုမ္ပဏီတခုက ကျောက်စိမ်းတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အင်းတော်မြို့နယ် အောက်တောရွာနဲ့ဥသျှစ်ကုန်းရွာကြား အောက်တောသစ်တောကြိုးဝိုင်းအတွင်းမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းကို အိမ်မက်ကျောက်ကုမ္ပဏီက ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စတင်လုပ်ကိုင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဘက်ဟိုးကားကြီးတွေနဲ့ သစ်ပင်တွေကို ရှင်းလင်းပြီး ကျောက်စိမ်းတူးဖော်တာကို တွေ့ရတယ်လို့ အင်းတော်ဒေသခံ ကိုအောင်ဗိုလ်က ပြောပါတယ်။ “သစ်ပင်တွေခုတ်ပြီးတော့ နေရာရှင်းနေတယ်။ ရှင်းပြီးတော့ သူတို့ ဘက်ဟိုးကား ၄ စီး၊ ၅ စီးလောက် မြင်ရတယ်။ မြေဇာတင်တဲ့ကားက လေးငါးစီး မြင်ရတယ်။ ဆီလှောင်ကန်တွေက ၄ ကန် အဲလိုမြင်ခဲ့ရတယ်။ အဲဒီနေရာတွေမှာ ပေါက်နေတဲ့ သစ်တွေက အင်၊ ကညင်၊ ကျွန်းတို့။ ကျွန်းပင်ပေါက်တွေကို ခုတ်လှဲထားတာ တွေ့ရတယ်။ အင်၊ ကညင်ဆိုရင် လူတဖက်စာလောက်ရှိတယ်။ အဲလို သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး ကျောက်စိမ်းတူးဖော်မယ်ဆိုတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်။ ဖားကန့်တို့လိုမျိုး ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်။” ဒါ့အပြင် အဲဒီကုမ္ပဏီဟာ နာမည်အမှတ်အသားနဲ့ ကျောက်စိမ်းတူးဖော်ခွင့် ခွင့်ပြုချက်ရရှိတဲ့ နေ့စွဲပါရှိတဲ့ ဆိုင်းဘုတ်စိုက်ထူထားတာလည်း မရှိဘူးလို့ ပြောပါတယ်။ ကျောက်စိမ်းတူးဖော်နေတဲ့ အိမ်မက်ကျောက်ကုမ္ပဏီ လုပ်ငန်းခွင်ကို ဒေသခံတွေ သွားရောက်ပြီး မေးမြန်းရာမှာ ၀န်ထမ်းတဦးက ကုမ္ပဏီရဲ့ တာဝန်ခံဟာ ဦးရန်ရှင်းဆိုသူဖြစ်ပြီး မော်လူး ထုံးတောင်မှာနေထိုင်ကြောင်း၊ ကျောက်စိမ်းတူးဖော်ခွင့်နဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေ သူ့မှာရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ အခုလို သစ်တောကြိုးဝိုင်းအတွင်း သစ်ပင်တွေခုတ်လှဲပြီး ကျောက်စိမ်းတူးဖော်နေတဲ့ အပေါ် အင်းတော်မြို့နယ်သစ်တောမှ တောအုပ်ကြီး ဦးခင်မောင်စိန်က ဥပဒေနဲ့အညီ ကွင်းဆင်းစစ်ဆေးပြီး တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။ “ကျနော်တို့ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနအပိုင်မှာ သတ္တုတွင်း ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဆောင်းရွက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ သူတို့ဟာ သစ်တောရေးရာဌာနရဲ့ ခွင့်ပြုချက် တစုံတရာ မရှိတဲ့အတွက် ကုမ္ပဏီ ၅ ခုကို ကျနော်တို့ တရားစွဲဆိုဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အလားတူ အောက်တောကြိုးဝိုင်း အမှတ် ၁၁ အတွင်းမှာ လုပ်နေတဲ့ ကုမ္ပဏီတခုကိုလည်း ကျနော်တို့ ကွင်းဆင်းစစ်ဆေးပြီး သစ်တောဥပဒေနဲ့အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။” ဒေသခံတွေကတော့ ကျောက်စိမ်းတူးဖော်မှုကြောင့် သစ်တောပြုန်းတီးပြီး ရေမြေတောတောင် သဘာဝဂေဟစနစ်တွေ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင် တာဝန်ရှိသူတွေအနေနဲ့ အိပ်မက်ကျောက်ကုမ္ပဏီကို ကြပ်မတ်စစ်ဆေးပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ပေးဖို့ လိုလားနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024