အစိုးရသစ်လက်ထက်တွင် ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန် မျှော်လင့်နေကြ

ဖမ်းဆီးခံ ကျောင်းသားများအား သာယာဝတီတရားရုံးသို့ ရုံးထုတ်စဉ်။ (ဓာတ်ပုံ - ဗသက်အောင်ဖေ့စ်ဘွတ်ခ်။)
လာမယ့် အစိုးရသစ်လက်ထက်မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။ သာယာဝတီကျောင်းသားတွေ ရုံးထုတ်မှာ လာရောက်ကြတဲ့၊ ကျောင်းသားမိဘတွေနဲ့၊ ဧည့်သည်တွေက အခုလိုမျှော်လင့်နေကြတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တွေအနေနဲ့ အဖမ်းဆီးခံ ကျောင်းသား တွေ လွှတ်ပေးဖို့အတွက် အရေးကြီးအဆိုတွေ တင်ပေးဖို့လိုအပ်ပါတယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်မှာတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိသင့်တော့ပါဘူး”လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ကျောင်းသားမိဘတွေကလည်း သူတို့ရဲ့မျှော်လင့်ချက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်း က “NLD အနေနဲ့ စစ်အဆိုးရကို တလျှောက်လုံးဆန့်ကျင်လာခဲ့တဲ့ ပါတီတခုဖြစ်ခဲ့လို့ ကျောင်းသားတွေ ၀ိုင်းရံ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိကို လွှတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့တာကြောင့် မျှော်လည်း မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ ဖမ်းစီးခံကျောင်းသား ကိုပိုင်ပိုင်ရဲ့ဖခင် ကိုအောင်ကြီး က “အခုအစိုးရကော နောက်တက်လာ မယ့် အစိုးရကိုကော ပြောခင်တာက လွှတ်ပေးဖို့တော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမယ့် အခုကျောင်းသားတွေ ထောင်ထဲနဲ့ တရားခွင်မှာ အရမ်းပင်ပန်းဆင်းရဲနေတယ်။ ဒါကြောင့် တရားရုံးက ဒီအမှုတွေကို မှန်မှန်ကန်ကန်စစ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။ ကျောင်းသားတွေကိုစွဲထားတဲ့ ဒီအမှုတွေနဲ့ပတ်သတ်ပြီး ကျောင်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Peace and Justice Legal Aid က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး က  အခုလိုပြောပါတယ်။ “ဒီကလေးသူငယ် ၂ ယောက်ရယ် အောင်မှိုင်းဆန်းပါ ၆၉ ယောက်ရယ်၊ အာမခံရထားတဲ့ ၁၁ ယောက်ရယ်၊ ဒီအမှုတွေအားလုံးကို နောက်တက်လာမယ့် အစိုးရနဲ့ နောက်တက်လာမယ့် တရားရေးဋ္ဌာနတွေ အနေနဲ့ မတရားသဖြင့် လုပ်ခံထားရတာဖြစ်တာကြောင့် အားလုံးချေဖျက်ပြီးကို ပိတ်သိမ်းပြစ်ဖို့ တောင်းဆိုချင်ပါတယ်။” ကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုရင် ၁၁ လနဲ့ ၁ ရက်ရှိပါပြီ ဒါပေမယ့် ပြီးခဲ့တဲ့ ၈ ရက်နေ့က နောက်ဆုံးရုံးထုတ်ရက်အထိ တရားလို သက်သေ ၃ ကိုပဲ စစ်ဆေးနိုင်ပါသေးတယ်။ တရားလိုဘက်က တင်ထားတဲ့သက်သေတွေ ကျောင်းသားတွေ ၀ိုင်းရံပြည်သူတွေကို အခုလို ပြီးဆုံးအောင် ဆက်လက်စစ်မေးပြီးမှဆိုရင် အချိန်ကာလ အားဖြင့် ၅ နှစ်ခန့်လောက် ကြာသွားလိမ့်မယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေတွေက ခန့်မှန်းပြောဆိုနေကြတာကြောင့် ကျောင်းသားမိဘတွေ ၀ိုင်းရံပြည်သူတွေက NLD အစိုးရကပဲ ဒီကိစ္စကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

More News
Up