ကယားပြည်နယ် လွိုင်ကော်မြို့ ကြက်ခြေနီရုံးမှာ အသေးစားပျက်စီးသွားတဲ့ ခြေတုလက်တုတွေကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးနေပါတယ်။
နယ်လှည့် ခြေတုပြုပြင်ရေးအစီအစဉ် ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနနဲ့ ကယားပြည်နယ် ကြက်ခြေနီး အသင်းတို့ ပူးပေါင်းပြီး လွိုင်ကော်မြို့ ကြက်ခြေနီရုံးမှာ ဒီနေ့ ပြန်လည် ပြုပြင်ပေးနေတာဖြစ်ပါတယ်။
နယ်လှည့် ခြေတုပြုပြင်ရေးအစီအစဉ်ဟာ ကယားပြည်နယ်မှာ အခုတကြိမ်နဲ့ဆို ၂ ကြိမ် ရှိပြီ ဖြစ်ပြီး ခြေတု ဖဝါးကျိုးတာ၊ ကြိုးမကောင်းတာ စတဲ့ အသေးစားပျက်စီးမှုတွေကိုပဲ လုပ်ပေးတာပါ။
ကယားပြည်နယ်မှာ ခြေတောက်ပြတ်သူဦးရေ ၁၅၀ နီးပါးလောက်ရှိပြီး ဒီနေ့လာရောက်သူ ၈၀ လောက်ရှိပါတယ်။
ခြေတု ကိုယ်ထည်ပျက်စီးတာတို့၊ အခုမှ ခြေတုလုပ်မဲ့ သူတွေကတော့ ဘားအံထိ ကိုယ့်စရိတ်နဲ့ကိုသွားရမှာဖြစ်ပြီး ဘားအံရောက်ရင် နေထိုင်စားသောက်ဖို့နဲ့ ခရီးသွားလာစရိတ်တွေကို အကုန်ပြန်ပေးမှာဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ခြေပြတ်နေသူတွေ အများဆုံးက အမျိုးသားတွေဖြစ်ပြီး မိုင်းနင်းမိတာကြောင့်လို့ ကယားပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဦးစီးမှူး ပထမတန်း ဦးဇော်ဇော်အောင်က ပြောပါတယ်။
သတင်း- ဓာတ်ပုံ (ပြည်ဟိန်းကျော်၊ လွိုင်ကော်မြို့)