DVB Logo
Home
မြန်မာသတင်း
စာမတတ်တဲ့ လယ်သမားကို​ အာဏာပိုင်နဲ့ စီးပွားရေးသမား လိမ်လည်ပြီး လယ်သိမ်းယူ
DVB
·
July 31, 2011
စာမတတ်တဲ့ လယ်သမားကို​ အာဏာပိုင်နဲ့ စီးပွားရေးသမား လိမ်လည်ပြီး လယ်သိမ်းယူ
Donate to DVB

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် မြန်မာကရင်စုကျေးရွာမှာ  အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး စာမတတ်တဲ့ လယ်သမားတွေရဲ့ လယ်ကို လိမ်လည်သိမ်းယူမှု ဖြစ်ပွားခဲ့ပါတယ်။

ကျိုက်လတ်မြို့နယ် မြန်မာကရင်စုရွာမှာနေတဲ့ ကိုအောင်စိုးနဲ့ မောင်နှမသုံးဦးပိုင် လယ်မြေကို စီးပွားရေးသမားနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းသိမ်းယူတာ ဖြစ်ပါတယ်။

ကိုအောင်စိုးနဲ့ မောင်နှမတွေဟာ မြန်မာကရင်စုရွာမှာရှိ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေ ၆ ဧက လုပ်ခဲ့လာတာ နှစ်ပေါင်းများစွာ ရှိနေပေမယ့် အာဏာပိုင်က စာမမတ်တဲ့ ကိုအောင်စိုးကို လက်မှတ်အတုနဲ့ နိုင်ငံတော်က လယ်မြေ သိမ်းယူကြောင်း ပြောခဲ့ပါတယ်။

အဲဒီလယ်ထဲ ဆက်လုပ်နေတဲ့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆို ထောင်ချခဲ့တဲ့ အပြင် ပြီးခဲ့တဲနှစ် ဆောင်းစပါး ရိတ်သိမ်းပြီးလို့ စပါးကို လယ်ထဲကနေ အိမ်ကိုသယ်ယူချိန် အာဏပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

မိမိလယ်မြေက စပါးကို သိမ်းဆည်း သယ်ယူနေတာကို အာဏာပိုင်တွေက ခိုးမှုနဲ့ဆိုပြီး ကိုအောင်စိုးကို ကျိုက်လတ်မြို့နယ် ရဲစခန်းမှာ ပြီးခဲ့တဲ့ မေလကစပြီး ချုပ်နှောင်ထားတယ်လို့ ကိုအောင်စိုးရဲ့ညီ ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ စပါးကို ကျနော်တို့ ပြန်ဖမ်းတာပေါ့နော်။ ရဲအုပ်သီဟကျော်ရယ်၊ မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရယ်၊ ဦးသောင်းစိန်နဲ့ အပေါင်းအပါတွေက ကျနော့်အကို ကိုအောင်စိုးကို လာခေါ်သွားတယ်။ ကျနော်က လိုက်ပြီး မေးတဲ့အခါကျတော့ ဒုရဲအုပ် သီဟကျော်က ကျနော့်ကို ပြောတယ်။ မင်းအကို အောင်စိုးကို ၃၇၉ နဲ့ အထက်က အမိန့်ကျလို့ သူတို့ ဖမ်းရတာတဲ့။ လုပ်ကြံပြီးတော့ လယ်ယာမြေကို လက်မှတ်အတုနဲ့ သိမ်းဆည်းလိုက်တယ် ဆိုပြီးတော့ ပိုင်နက် ကျူးလွန်မှုနဲ့ သူတို့က ကိုအောင်စိုးကို ထောင်ချထားပြီး ခိုးမှုနဲ့ အခု ထပ်ပြီးတော့ စွဲထားတယ်။ ကျနော့်အကို ကိုအောင်စိုးက စာမတတ်ဘူး။ လက်ဗွေပဲ နှိပ်တယ်။ အဲဒါကို မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နဲ့ ဦးသောင်းစိန်နဲ့ ဒုရဲအုပ် သီဟကျော်က လက်မှတ်အတုလုပ်ပြီး မြို့နယ်က လူတွေ အကုန်လုံးကို လိမ်ပြီး လုပ်နေတော့။ ကျနော်တို့က အခု ခိုးမှုလည်း မြောက်နေတယ်၊ ကျနော့်အကိုက ထောင်လည်း ကျသွားလို့ နစ်နာနေပြီ။ ဒါကြောင့်မို့ ကျနော်က အခုလို တိုင်ရတာပါ။”

ကိုအောင်စိုးကို ချုပ်နှောင်ထားပြီး သူ့ဇနီး မကြည်ကြည်ခင်ကိုပါ အကျိုးဖျက်စီးမှုနဲ့ ခိုးမှုစတဲ့ အမှုနှစ်မှုနဲ့ ထမ်မံ တရားစွဲထားပါတယ်။

မကြည်ကြည်ခင်မှာ လူမယ် ကလေးငယ် ၂ ယောက်နဲ့  ကိုယ်ဝန်ရင့်နေပြီမို့ အာမခံနဲ့ ပြန်လွတ်ပေးထားတယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။

“ကျမတို့ ဥစ္စာကို သူတို့က သိမ်းဆည်းပြီးတော့ မတော်မတရား လုပ်ကြံပြီးတော့ လက်မှတ်အတုနဲ့ ကျမယောက်ျားက လယ်ယာမြေကို အပ်ပါတယ်ဆိုပြီး ရုံးတင်လိုက်တယ်။ အခုတခါ ကျမတို့က ကျူးကျော်ပါတယ် ဆိုပြီးတော့ ကျမတို့ကို ခိုးမှုနဲ့ရော ကျူးကျော်မှုနဲ့ပါ ပြန်လုပ်ထားတယ်။ ကျမတို့မှာ အချုပ်ထဲ ချုပ်ခံရတဲ့သူနဲ့ အပြင်မှာ အာမခံ ထားရတဲ့သူနဲ့။ ကျမမှာလည်း ကလေးနှစ်ယောက်ရှိတယ်။ နောက်ထပ်လည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ စားဝတ်နေရေးကလည်း မပြေလည်ဘူးလေ။ ကျမယောက်ျားကလည်း မရှိဆိုတော့ ကျမဘ၀ အခက်အခဲကို မနည်းကို ကြိုးစားနေရပါတယ်။”

ဒီလို မတရား ပြုလုပ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ မြို့နယ်တွေအထိ တက်ရောက် တိုင်ကြားပေမယ့်လည်း သူ့တို့အမှုကို အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ ကိုကိုကြီးက ပြောပါတယ်။

ဒီလို အရေးမယူပေးတာဟာ  မြန်မာကရင်စုရွာ အာဏာပိုင်တွေက လိမ်လည်ပြီး လက်မှတ်အတုနဲ့ သိမ်းဆည်းထားတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မိမိပိုင်လယ်မြေထဲ ၀င်ရောက်လုပ်ကိုင်လို့ မရတော့ဘဲ စီပွားရေးသမားနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ငှားရန်းထားတဲ့ သူတွေက ၀င်ရောက် လုပ်ကိုင်နေတဲ့အတွက် စားဝတ်နေရေး ကျပ်တည်း ကုန်တယ်လို့  မကြည်ကြည်ခင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013