နိုင်ငံစုံတပ်များပါဝင်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှု ထိုင်းတွင်စတင် (ရုပ်သံ)

အာရှပစိဖိတ်ဒေသတွင်း အကြီးဆုံးလည်းဖြစ်ပြီး နိုင်ငံပေါင်းစုံက စစ်တပ်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ပါတယ်။ ချုံဘူရီခရိုင်တွင်း ထိုင်းစစ်တပ် ကမ်းတက်တပ်ဖွဲ့ ဗဟိုဌာနချုပ်မှာပြုလုပ်ပြီး ဒီနှစ်မှာ နိုင်ငံပေါင်း ၂၇ နိုင်ငံ တက်ရောက်ခဲ့ ပါတယ်။ ကော့ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ နှစ်စဉ် လေ့ကျင့်လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ ဒါပေမယ့် ၂၀၁၄ မေလ အာဏာသိမ်းမှု ပြီးကတည်းက အမေရိကန်က သူ့တပ်တွေ ပါဝင်လေ့ကျင့်မှုကို လျှော့ချခဲ့ပြီး ဒီမိုကရေစီကို အမြန်ပြန်ကျင့်သုံးဖို့ ဆော်သြခဲ့ ပါတယ်။ ဒီလေ့ကျင့်မှုကို ၂၀၁၅မှာတည်းက သိသိသာသာ ပြန်အာရုံ စိုက်ခဲ့ပြီး အင်အားလျှော့ချခဲ့တယ် ထိုင်းနိုင်ငံရေး တိုးတက်မှုအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကို ထင်ဟပ်တဲ့ အနေနဲ့ လှုပ်ရှားမှု အမျိုးအစားကို ကန့်သတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂလင်းဒေဗီက သတင်းထောက်တွေကို ပြောပါတယ်။ ဒီနှစ်စစ်ရေးလေ့ကျင့်ဖို့ အမေရိကန် အစိုးရက မနှစ်ကအရေအတွက် အတိုင်း စစ်သည် အယောက် ၃၆၀၀ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ ထိုင်းအစိုးရကတော့ စစ်အာဏာသိမ်းပြီးကတည်းက အာဏာရှင်ဆန်မှု ပိုတိုးလာတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေ ဝေဖန်တာကို ရင်ဆိုင်နေရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်က ထိုင်းကို လုံခြုံရေးဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၄.၇ သန်းကို မပေးတော့ဘဲ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တချို့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ထိုင်းနိုင်ငံအတွင်း ဒီမိုကရေစီစနစ် အမြန်ပြန်ကျင့်သုံးရေး ဆော်သြနေပေမယ့် တချိန်လုံးရွှေ့နေတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်က ဘယ်တော့လဲ ဆိုတာ ခုထိ မသေချာသေးပါဘူး။ အရင်လကတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက အရင် အခြေခံဥပဒေအဟောင်းအတိုင်း လုပ်ရမယ် ဆိုရင်တောင် ၂၀၁၇ နှစ်လယ်မှာ ရွေးကောက်ပွဲ လုပ်မယ် လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up