ပုသိမ်မြို့အနီး ရထားနှင့်ကား တိုက်၊ နိုင်ငံခြားသား ၁ ဦး ဒဏ်ရာရ
DVB
·
February 8, 2016
ပုသိမ်မြို့ ဒိုက်ထူကျေးရွာ အနီးမှာ ရထားနှင့် ကား တိုက်ပြီး ကားပေါ်ပါ နိုင်ငံခြားသား ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်က ပုသိမ်မြို့ကနေ မြန်အောင်နဲ့ ကြံခင်းမြို့တွေကို ထွက်ခွာလာသည့် ရထားနှင့် နိုင်ငံခြားသားတစ်ဦး ပါဝင်လာတဲ့ကား တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ကားပေါ်ပါလာတဲ့နိုင်ငံခြားသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မျက်မြင်တွေရှိတဲ့ ရွာသားတွေပြောပြချက်အရ နိုင်ငံခြားသားတွေ စီးနင်းလာတဲ့ Oway ကုမ္ပဏီအမှတ်တံဆိပ်ပါ ကားတွေ ရထားလမ်းကို ဖြတ်ကူးနေပြီး တစ်ကားမှာတော့ ရထားလာနေတာကို မှီအောင်ဖြတ်မကူးနိုင်ဘဲ တိုက်မိခဲ့တာလို့ ပြောပါတယ်။
သက်ဆိုင်ရာနယ်မြေရဲစခန်းကတော့ ယဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကားပေါ်ပါယာဉ်မောင်းကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရထားသံလမ်းမှာတော့ သတိပေးဆိုင်းဘုတ်နဲ့ တံခါး တပ်ဆင်ထားတာ မတွေ့ရပါဘူး။
ဓာတ်ပုံ - သော်ဇင်မျိုး