ကရင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ် ဂေါက်သီးမှန် ဆေးရုံတက်
DVB
·
February 8, 2016
ကရင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဦးစောထိန်ဝင်းဟာ ဂေါက်သီး ထိမှန်လို့ ဆေးရုံတင်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ဘားအံဂေါက်ကွင်းမှာ ခရိုင်ရဲတပ်ဖွဲ့မှူးတွေ ပြည်နယ် ကျန်းမာရေးမှူးတွေနဲ အငြိမ်းစား ရဲမှူးတွေနဲ့ ဂေါက်ရိုက်နေစဉ် ဂေါက်သီးက သစ်ပင်ကိုထိပြီး ၀န်ကြီးချုပ်ကို ထိမှန်ခဲ့တယ်လို့ ဘားအံအခြေစိုက် သတင်းထောက်တဦး ပြောပါတယ်။
“ခေါင်းဆိုတော့ ဆရာဝန်တွေက စိုးရိမ်တာပေါ့၊ ၂၄ နာရီစောင့်ကြည့်ရမယ်ဆိုပြီးတော့ ဆေးရုံမှာ ထားထားလိုက်တာပေါ့” လို့ သတင်းထောက် ကိုပွင့်ဆန်းက ပြောပါတယ်။
၆ ရက်နေ့ ညနေ ၄ နာရီမှ ၇ ရက်နေ့အထိ ဆေးရုံမှာနေကာ လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောတယ်လို့လည်း ကိုပွင့်ဆန်းက ဆိုပါတယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဦးစောဝင်းထိန်ဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပြီး ဖာပွန်မဲဆန္ဒနယ်ကနေ အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ယခင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရာထူးက အနားယူခဲ့တဲ့ အတွက် ဦးစောဝင်းထိန်က ခေတ္တ၀န်ကြီးချုပ် တာဝန်ယူထားတာ ဖြစ်ပါတယ်။