DVB Logo
Home
မြန်မာသတင်း
FIFA က အိုမန်အသင်းကို အနိုင်ပေးပြီး မြန်မာကို အရေးယူ​ဖို့ ​ပြင်
DVB
·
July 30, 2011
FIFA က အိုမန်အသင်းကို အနိုင်ပေးပြီး  မြန်မာကို အရေးယူ​ဖို့ ​ပြင်
Donate to DVB

မြန်မာပရိတ်သတ်တချို့ရဲ့ တိုက်ခိုက် နှောင့်ယှက်မှုတွေကြောင့် ရပ်နားခဲ့ရတဲ့  မြန်မာ-အိုမန် ဘောလုံးပွဲစဉ်မှာ အိုမန်အသင်းကို အနိုင်ပေးလိုက်ပြီဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

FIFA ရဲ့  ကမ္ဘာ့ဖလား စီမံအုပ်ချုပ်ရေးကော်မတီက  အိုမန်နဲ့ မြန်မာဘောလုံးပွဲ ရပ်နားခဲ့ရတဲ့ အချိန်မှာရှိနေတဲ့ (၂ - ၀) ဂိုးမရှိ ပွဲရလဒ် အဖြေကို ဒီပွဲရဲ့  နောက်ဆုံးရလဒ်အဖြစ် သတ်မှတ်လိုက်တဲ့ အကြောင်း   သောကြာနေ့မှာ  ကြေညာချက်ထုတ်ပြန် အတည်ပြုပေးလိုက်တာပါ။

အိုမန်အသင်းဟာ အိမ်ကွင်းမှာ မြန်မာကို  (၂-၀)ဂိုးနဲ့ နိုင်ပြီး အဝေးကွင်းမှာလည်း (၂-၀) ဂိုး  စုစုပေါင်း ဂိုးရလဒ် (၄-၀)ဂိုးနဲ့ မြန်မာအသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်တဆင့် တက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေက  ရန်ကုန်သုဝဏ္ဏကွင်းမှာ ကမ္ဘာ့ဖလား အာရှဇုန်  ခြေစစ်ပွဲ ဒုတိယ အကြော့ပွဲစဉ်အဖြစ် မြန်မာနဲ့ အိုမန်တို့  ယှဉ်ပြိုင် ကစားစဉ်  အိမ်ရှင်မြန်မာအသင်း (၂) ဂိုး သွင်းခံရပြီးနောက် ပရိသတ်တချို့ က ကွင်းထဲကို ရေသန့်ဗူးတွေ၊ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ဘောလုံးပွဲဆက် မကစားနိုင်တော့ဘဲ ရပ်နာထားခဲ့ရတာပါ။

မြန်မာ ပရိတ်သတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အိုမန် အသင်းနည်းပြတဦးနဲ့ ကစားသမားတချို့ ထိခိုက် အနာတရ ဖြစ်ခဲ့ရတဲ့အပြင် သုဝဏ္ဏ ဘောလုံးကွင်းက အကာအရံ သံတိုင်တွေနဲ့ ထိုင်ခုံတချို့ ပျက်စီးမှု ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်ကို စည်းကမ်းအရ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဖို့  စတင်ဆောင်ရွက်နေပြီလို့လည်း ဖီဖာက ကြေညာထားပါတယ်။ ဘယ်လိုအရေးယူမလဲ ဆိုတာကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီကရော အာရှဘောလုံးအဖွဲ့ ချုပ်ဆီကပါ တရားဝင် အကြောင်းကြားစာ​ လတ်တလော​ ရောက်မလာသေးဘူးလို့​ မြန်မာဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြန်မာဘောလုံးလောကအတွက် သာမက တနိုင်ငံလုံး အတွက် ထိခိုက်နစ်နာရတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ  ဦးစိုးမိုးက ဒီဗွီဘီကို ပြောကြားသွားပါတယ်။

“ဘောလုံးတခု အတွက်တင် မဟုတ်ဘူး။ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့ လူမျိုး အတွက် အများကြီး သိက္ခာကျပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မှ အကျိုး မရှိပါဘူး။ ကျနော်တို့ပဲ နစ်နာတယ်။ ၃၆ မိနစ်နဲ့ ပွဲရပ်လိုက်ရတယ်ဆိုတော့ ကျနော်တို့အတွက် အခွင့်အရေးလည်း မရှိတော့ဘူး။ ဥပမာ လေးငါးခြောက်နှစ်ပိတ်မယ်ဆိုရင် ကျနော်တို့ပဲ နစ်နာမှာ။ ကျနော်တို့ ကြည့်ချင်ပါတယ်ဆိုတဲ့ အဆင့်မြင့် ဘောလုံးအသင်းတွေ ဒီကိုလာမှာ မဟုတ်တော့ဘူး။ လာခွင့်လည်း ရမှာ မဟုတ်တော့ဘူး။ အဲဒီလိုမျိုး ဖြစ်သွားမှာ။ competition (ပြိုင်ပွဲ)ဥပဒေမှာကိုက ပစ္စည်းတခုကျရင် အမေရိကန် ဒေါ်လာ ၅၀၀၀ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ရိုက်မယ်ဆိုပြီး ဖော်ပြထားတယ်။ အဲဒီလို ပစ္စည်း အခုတသိန်းလောက်သာ ကျရင် ငါးထောင်နဲ့ မြောက်လိုက်ရင် ကျနော်တို့ ဥက္ကဋ္ဌက ဘယ်လောက်ပဲ စိုက်ပါတယ်ပြောပြော ဥက္ကဋ္ဌက လန်ကွတ်တီနဲ့ပဲ ပြန်ရမှာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013