နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို
ပီတာအောင်
·
July 30, 2011

မြန်မာနိုင်ငံထဲ အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး ထပ်မံ တောင်းဆိုခဲ့တယ်လို့  ကုလသမဂ္ဂက သတင်းထုတ်ပြန် လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပေါ် ကြိုဆိုလိုက်ပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာဘန်ကီမွန်းက ခုလို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးတာဟာ မြန်မာအစိုးရ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဒါကိုမြန်မာအစိုးရက လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀န်းက မျှော်လင့်နေတာ ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောတဲ့အကြောင်း ကုလသမဂ္ဂ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ မြန်မာအစိုးရအဖွဲ့သစ် ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သူ့ အနေနဲ့ လူသိရှင်ကြား ကြိုဆိုတဲ့တယ်လို့ အတွင်းရေးမှူးချုပ်က အလေးထား ပြောကြားခဲ့ကြောင်း ဘန်ကီမွန်းရဲ့  ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာအစိုးရဟာ ခုဆိုရင် အကောင်အထည် ပြနိုင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေပြီး နိုင်ငံကို ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီကျတဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ရှေ့ခရီးဆက် လှမ်းနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရတပ်တွေ အကြား လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုကို စိုးရိမ်ပူပန်ကြောင်းနဲ့ အစိုးရအနေနဲ့ အခြေအနေကို ငြိမ်းချမ်စွာဖြေရှင်းဖို့ လိုတယ်လို့ လည်း မစ္စတာဘန်ကီမွန်းက ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဘန်ကီမွန်းရဲ့ ပြောဆို တိုက်တွန်းချက်တွေကို မြန်မာဝန်ကြီးက ဘယ်လို တုံ့ပြန်ပြောဆိုခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ထားပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။
