Home မြန်မာသတင်း ကေအိုင်အေသဘောတူညီချက်မရဘဲ အပစ်ရပ်ရေးလက်မှတ်ထိုးရန် အစိုးရ ကိုယ်စားလှယ်လွှတ်မည်ဟုဆို
ကေအိုင်အေသဘောတူညီချက်မရဘဲ အပစ်ရပ်ရေးလက်မှတ်ထိုးရန် အစိုးရ ကိုယ်စားလှယ်လွှတ်မည်ဟုဆို
kia ကချင်ပြည်နယ်အစိုးရဟာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေးကို ကေအိုင်အိုခေါင်းဆောင်တွေဘက်က လက်မှတ်ထိုးပါမယ်လို့ ကတိစကားမရသေးတဲ့အကြားက လူငါးဆယ့်ရှစ်ဦးလွှတ်ပြီး လက်မှတ်ထိုးပွဲလုပ်ဖို့ အကြောင်းကြားလာတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
အဲဒီထဲမှာ အစိုးရဘက်က အပစ်ရပ်ရေးဆောင်ရွက်တဲ့ ဗိုလ်မှူးကြီးသန်းအောင်အပါအဝင် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လေးငါးဦးလည်း ပါတယ်လို့ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“ဟုတ်တယ် သူတို့ အဲဒါ စာရင်းနဲ့တောင် ပေးလာကြတယ်။ သူတို့ကတော့ ဒီနေ့ မနက် ထင်တယ် လာမယ်။ လက်မှတ်ထိုးရအောင် သူတို့က ပြောကြတယ်။ သူတို့က သိတဲ့အတိုင်းပဲ ဒီအတိုင်း လွယ်လွယ်နဲ့ လက်မှတ်ထိုးဖို့ စီစဉ်နေကြတဲ့ သဘော ထင်တယ်ဗျာ။ လူအားလုံးက ၅၈ ဦးရဲ့ နာမည် စာရင်း ပို့လိုက်တယ်ဆိုတော့ အဲဒါ သူတို့လည်း အုပ်စုလိုက် လာမှာပေါ့။ အဲဒီ လက်မှတ်ထိုးပွဲမှာ ဆန္ဒနဲ့ အမှန်တကယ် ဖြစ်သင့်တာကတော့ တခြားစီပါ။ အမှန်တကယ်ဖြစ်သင့်တာက ညှိနှိုင်းစရာတွေ အများကြီး ရှိပါသေးတယ်။”
ကေအိုင်အိုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးခင်မှာ နှစ်ဘက် အပြန်အလှန်ဆွေးနွေးရမယ့်ကိစ္စတွေ အများကြီးရှိသေးတယ်လို့ ဦးလနန်းက ပြောပါတယ်။
ဇွန်လ ၉ ရက်မှာ ပြန်စတင်တဲ့ ကေအိုင်အိုနဲ့ အစိုးရအကြား တိုက်ပွဲဖြစ်ကတည်းက အပစ်ရပ်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့ထားတဲ့ ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင် ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ဦးဆောင်တဲ့အဖွဲ့ တကြိမ်တွေ့ဆုံခဲ့ပါတယ်။ ကျန်အကြိမ်တွေကိုတော့ အောက်ခြေကိုယ်စားလှယ်တွေ စေလွှတ်တာရှိသလို အပြန်အလှန်စာရေးနေကြပါတယ်။
ကေအိုင်အိုဘက်က အပစ်ရပ်ရေးအတွက်လိုအပ်ချက်သုံးချက်ကို တင်ပြပါတယ်။ ဒါတွေကတော့ (၁) ကေအိုင်အိုတဖွဲ့တည်းမဟုတ်ဘဲ တနိုင်ငံလုံးအပစ်ရပ်ရန်။ (၂) နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန်ဆိုတဲ့ အချက်နှစ်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပါတယ်။ (၃)ဥပမာအားဖြင့် တရုတ်နိုင်ငံလို ကြားနေနိုင်ငံတခုခုရှေ့မှာ ဆွေးနွေးရအောင် စတာတွေကို တင်ပြပါတယ်။ အစိုးရဘက်ကတော့ ကချင်တပ်တွေကို အပစ်ရပ်ခိုင်းတာ၊ စခန်းတွေကို မတိုက်ဖို့၊ ယာယီအပစ်ရပ်ရေးလက်မှတ်ထိုးရေးတွေဖြစ်ပါတယ်။
မနေ့ကတော့ ကေအိုင်အိုက သူတို့မူလရပ်တည်ချက်နှစ်ရပ်ထဲက အသေးစိတ်နှစ်ချက်ကို ထပ်မံတင်ပြခဲ့တယ်လို့ ဦးလနန်းက ပြောပါတယ်။ အပစ်ရပ်ရေးလက်မှတ်ထိုးတဲ့အခါ အပစ်ရပ်ရေးကို အဓိပ္ပာယ်ဖော်တဲ့ သဘောတူချက်တခုကို ထပ်မံထိုးဖို့နဲ့ သမ္မတဦးသိန်းစိန်က ဒီကိစ္စကို တာဝန်ယူဖို့ ဆိုတာကို ကေအိုင်အိုက ကမ်းလှမ်းခဲ့တယ်လို့ ဦးလနန်းက ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်အပေါ် နားလည် အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတဲ့ဟာ ကျနော်တို့ ထည့်လိုက်တယ်။ နိုင်ငံအတွင်းရှိ ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မှု နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အစီအစဉ်များကို နိုင်ငံတော်အစိုးရမှ ရက်ပေါင်း ၁၅ ရက်အတွင်း ကြေညာချက် ထုတ်ပြန်ပေးရန် လိုအပ်ပါသည် ဆိုတဲ့ အချိန် အကန့်အသတ်လေး တခု ပေါ့နော်၊ အဲဒါ ထည့်လိုက်တယ်။ ဒါကတော့ ဒီနိုင်ငံတော်အစိုးရကနေ အမှန်တကယ်ပဲ ဒီ ပြည်တွင်းမှာ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ဒါက သူတို့ လုပ်နိုင်တဲ့ ကိစ္စတွေပဲ။ အဲဒါကို ကျနော်တို့တောင်းဆိုတာ ရှိတယ်။”
အခုလို ကေအိုင်အိုဘက်က ခေါင်းဆောင်တွေက အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုးဖို့ကိစ္စကို ဆွေးနွေးစရာတွေကျန်သေးတဲ့အတွက် ချက်ချင်း လက်မှတ်မထိုးနိုင်သေးဘူးလို့ ဦးလနန်းက ပြောပါတယ်။
ဆက်စပ်သတင်းများ