Home
ဆောင်းပါး
၅၉ (စ) ဆိုင်းငံ့ထားရေးလား- ပြင်ဆင်ရေးလား
DVB
·
February 7, 2016
ဖေဖော်ဝါရီလ(၁)ရက်နေ့က စတင်ကျင်းပနေပြီဖြစ်သော ဒုတိယအကြိမ်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကိုဆိုင်းငံ့ထားရန် (သို့မဟုတ်) အရေးကြီးအဆိုတင်သွင်းခြင်း၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဆိုင်းငံ့ထားနိုင်သည့် ဥပဒေကြမ်းတစ်ရပ်ရပ် တင်သွင်းခြင်း ကို လာမည့် တပတ်-နှစ်ပတ်အတွင်း အလျင်စလိုလုပ်ဆောင်လိမ့်မည်ဟု မထင်မိပါ။ အကြောင်းမှာ လောလောဆယ်အားဖြင့် ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်သာလျှင် အနိုင်ရပါတီ အန်အယ်လ်ဒီ လွှမ်းမိုးထားခြင်းဖြစ် သော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်အစိုးရအဖွဲ့အကြီးအမှုး သမ္မတမှာ ပြည်ခိုင်ဖြိုးပါတီကပင်ဖြစ်နေသေးသည်။ ထို့ပြင် မဏ္ဍိုင်သုံးရပ် အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွါးမှုများကို အဆုံးအဖြတ်ပေးရသည့် အခြေခံဥပဒေဆိုင်ရာခုံရုံးမှာလည်း ယခင် ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းက ဖွဲ့စည်းပေးခဲ့သော ခုံရုံးဖြစ်နေပါသေးသည်။ ထိုသို့သောအခြေခံအကြောင်းများကြောင့် လာမည့်တပတ်နှစ်ပတ်အတွင်း (တနည်းအားဖြင့်ဆိုရလျှင် သမ္မတနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ အသစ်ရွေးချယ်တင်မြှောက်ခြင်း မပြုရသေးမီ) အခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်ဆိုင်းနိုင်ခွင့်ရှိသည့် ဥပဒေကြမ်းတခုခုပြဋ္ဌာန်းရန်လွှတ်တော်က ကြိုးစားလာလျှင် လက်ရှိသမ္မတက ထိုကိစ္စကို အခြေခံဥပဒေနှင့် ညီ-မညီ ခုံရုံးသို့ တင်သွင်းလာဖွယ်ရှိနေပါသည်။ ခုံရုံးကထိုကိစ္စကို အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟုဆုံးဖြတ်လျှင် ထိုလွှတ်တော်၏ဆောင်ရွက်ချက်သို့မဟုတ် ဥပဒေသည်ပျက်ပြယ်မည်ဖြစ်သည်။ သို့ဖြစ်လေရာ အန်အယ်လ်ဒီ အနေဖြင့် အခြေခံဥပဒေ ပါ ပုဒ်မ ၅၉(စ) ရပ်ဆိုင်းရေးကို အလျင်အမြန်လုပ်ဆောင်လိမ့်မည်မထင်ပါ။ တိုင်ပင်ညှိနှိုင်းထားမှုမရှိဘဲ လုပ်ကိုင်လျှင်လည်း အနှောင့်အယှက်အတားအဆီးများ မုချကြုံတွေ့ရမည်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထိုအခြေအနေမျိုးကိုလိုလားမည် မထင်ချေ။ အကယ်၍ တပ်မတော်နှင့်သဘောတူညီမှုရထားပြီးဖြစ်သည်ဆိုလျှင်လည်း… ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက် ၅၉(စ)ကို  ရပ်ဆိုင်းထားရေးမဟုတ်ဘဲ ပြင်ဆင်ရေးသာဖြစ်ပေလိမ့်မည်။ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ရပ်ဆိုင်းနိုင်ခွင့်ပေးသည့် သဘောတူညီမှုမျိုးကို တပ်မတော်ကပြုလိမ့်မည်မထင်ပါ။ အကြောင်းမှာ ဤသို့သဘောတူခွင့်ပြုလိုက်ပါက နောက်နောင်တွင် အစဉ်အလာဖြစ်သွားပြီး ၎င်းတို့ပိုမိုအလေးထားသည့် ပုဒ်မ ၄၃၆ ရပ်ဆိုင်းရေးကိစ္စလို အဆိုပြုချက်များကို သာမာန်များရာ ဆန္ဒမဲ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လမ်းပွင့်သွားမည့် အခြေအနေရှိနေသောကြောင့်ဖြစ်ပါသည်။ ပုဒ်မ ၄၃၆ အလိုအရ လွှတ်တော်တွင်း ကိုယ်စားလှယ်အားလုံး၏ ၇၅%ကျော် ထောက်ခံမှုရရှိမှသာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်နိုင်မည်ဟု ဆိုထားရာ တနည်းအားဖြင့်ဆိုလျှင်၊ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ပါဝင်နေသော တပ်မတော် သဘောမတူသည့် အခြေခံဥပဒေ၏ မည်သည့်ပြင်ဆင်ချက်မျှအထမမြောက်စေရ ဟုတားမြစ်ထားသည့်အဓိပ္ပါယ်ဖြစ်ပါသည်။ သိုဖြစ်လေရာ ပုဒ်မ ၄၃၆ ကိုလည်း  လွှတ်တော်တွင်း များရာဆန္ဒမဲဖြင့် ရပ်ဆိုင်းထားနိုင်ကြမည်ဆိုလျှင် အခြေခံဥပဒေ၏ မည် သည့် ပုဒ်မ မဆို သာမာန်များရာဆန္ဒမဲဖြင့် ပြင်ဆင်ခွင့်ရသွားနိုင်မည့်သဘောသက်ရောက်သွားသဖြင့် တပ်မတော်မှာ အခြေခံ ဥပဒေကို တင်းကြပ်စွာထိန်းကျောင်းနိုင်သည့် အနေအထားရှိတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ယခုမှ စစ်ဘက်-အရပ်ဘက် ကောင်းမွန်သည့်ဆက်ဆံရေးအစပြုချိန်၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ချိန်ဖြစ်နေသေးသဖြင့် တပ် မတော်က ဤသို့သော သဘောထားမျိုးထားရှိရန် အဆင်သင့်ဖြစ်နေပြီဟု ကျနော်မထင်ပါ။ ကျနော့်တစ်ဦးချင်းယူဆထားချက်မှာ ၅၉(စ)ကိုပြင်ဆင်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာစေရေးကိစ္စကို ဗိုလ်ချုပ်မှူး ကြီးဟောင်းသန်းရွှေနှင့် တွေ့ဆုံပြီးသည့်အချိန်ကပင် ဆွေးနွေးသဘောတူထားပြီးကြပြီဟု ယုံကြည်ပါသည်။ ထိုကိစ္စမှာ အချိန်မတိုင်သေး၍ ကာယကံရှင်များက ထိပ်တန်းလျှို့ဝှက်အဖြစ် ထိန်းသိမ်းထားကြဟန်တူပါသည်။ လွှတ်တော်သစ် မှ သမ္မတသစ်နှင့် အစိုးရသစ်ကိုရွေးချယ်တင်မြှောက်ပြီးချိန်၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်များများကို လည်း အသစ်ခန့်ထားပြီး ချိန်တွင်မှ ၅၉(စ) ပြင်ဆင်ရေးကိုဆောင်ရွက်ကြမည်ဖြစ်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များလည်း ဤကိစ္စကို သိရှိ နိုင်ကြလိမ့်မည်မထင်ပါ။ သမိုင်းတွင် အရေးကြီးလှသည့် ဤသို့သောအလှည့်အပြောင်းကာလသည် အလွန်သိမ်မွေ့ညင်သာရန်၊ အဆင်ပြေချောမွေ့ ရန် လိုကြောင်း သမိုင်းကသက်သေပြခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်လေရာ အများပြည်သူသိရှိရန် အချိန်မတန်သေးသည့် နိုင်ငံ့အရေး ထိပ်တန်းကိစ္စများကိုလည်း တတ်နိုင်သမျှ လျှို့ဝှက်ထားသင့်ပေသည်။ ထိုသို့လျှို့ဝှက်အဆင့်တွင်ပင်ရှိနေသေးသည့်အလျှောက် ထင်ကြေးအမျိုးမျိုးဖြင့် ခန့်မှန်းချက်များသည်လည်းအလျှိုအလျှိုထွက်ပေါ်လာနေသည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ လူတို့၏ စိတ်သည် မသိစေလိုလျှင် ပိုမိုသိချင်ကြသည်။ ထင်ရာမြင်ရာ မှန်းဆချက်များကိုလည်း ပြောဆိုလိုကြပေသည်။ ထိုဓမ္မတာနှင့် အညီ ကျွန်ုပ်သည်လည်း အခိုင်အမာသိရှိထားသည့် ဥပဒေအကိုးအကားများဖြင့် ထင်ရာမြင်ရာကို မှန်းဆရေးသားလိုက်ရ ပေသည်။ ငြင်းခုံဆွေးနွေးကြပါကုန်….။ ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024