Home မြန်မာသတင်း အလုပ်ဖြုတ်ခံ သင်္ကန်းကျွန်း လင်းထက်စက်ရုံ ဝန်ထမ်းများ ကိစ္စအဆင်ပြေ
အလုပ်ဖြုတ်ခံ သင်္ကန်းကျွန်း လင်းထက်စက်ရုံ ဝန်ထမ်းများ ကိစ္စအဆင်ပြေ
worker ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ သင်္ကန်းကျွန်းမြို့နယ်ရှိ လင်းထက်သိုးမွေးစက်ရုံက ဝန်ထမ်းတွေရဲ့ကိစ္စ အလုပ်သမားဝန်ကြီးဌာနရဲ့ ကြာဝင်စေ့စပ်မှုနဲ့ ပြေလည်မှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဒီလ ၂၂ ရက်နေ့က လုပ်ငန်အရှုံးပေါ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံဝန်ထမ်းတွေကို အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀ နှုန်းနဲ့ နစ်နာကြေးပေးပြီး အလုပ်ရှင်က အလုပ်ဖြုတ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မကျေနပ်ကြတဲ့ စက်ရုံဝန်ထမ်းတွေ တိုင်းကြားခဲ့ရာက သက်ဆိုင်ရာက ကြာဝင်ဖြေရှင်းခဲ့ရာက ဒီလ ၂၈ ရက်နေ့မှာ ပြေလည်မှုတွေ ရရှိခဲ့တာပါ။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေ ပါဝင်တဲ့အဖွဲ့က အလုပ်ရှင်နဲ့ အလုပ်သမားကြား စေ့စပ်ညှိနှိုင်းပေးခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီလိုဖြေရှင်းတဲ့နေရာမှာ အနိမ့်ဆုံးအခြေခံလစာ ကျပ် ၇၀၀၀ အဖြစ် သတ်မှတ်ပြီး အလုပ်ရှင်က နစ်နာကြေးအဖြစ် တွက်ချက်ပေးတဲ့အပေါ် ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနက လက်ခံမှုမရှိဘဲ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် အလုပ်သမားတွေနဲ့ ဆန္ဒအရ အနိမ့်ဆုံးအခြေခံလစာ ကျပ် ၃၀၀၀၀ နှုန်းနဲ့ အားလုံးကို ပေးဖို့တောင်းဆိုရာက အလုပ်ရှင်ဘက်က လိုက်လျောခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အခုလို ရှင်းပြပါတယ်။
“အခြေခံလစာ ၇၀၀၀ ကို တိုင်းအလုပ်သမား ကြီးကြပ်ရေး ကော်မတီက လက်မခံဘူး။ အလုပ်သမားကြီးကြပ်ရေးက လက်မခံတော့ ဒီအလုပ်သမားကြီးကြပ်ရေးအဖွဲ့က ကမ္ဘာ့အလုပ်သမားအဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ နှုန်းထားတဲ့ တွက်ပေးဖို့ သဘောတူလိုက်တယ်။ ဒု-ညွှန်မှူးပါ ဆင်းလာပြီးတော့မှ ကျနော်တို့ စက်ရုံမှာ ဆွေးနွေးပွဲ လုပ်တဲ့အခါမှာတော့ ကလေးတွေဘက်က အခြေခံလစာကို သုံးသောင်းအဖြစ် တက်ပေးဖို့ တောင်းဆိုတယ်။ အလုပ်ရှင်ဘက်က ဦးလင်းဇော်ဝင်း ကနေပြီးတော့ ပထမအဆင့် ၁ သောင်းခွဲ၊ ကလေးတွေက သဘောမတူဘူး။ နောက် ၁၈၀၀၀ ပေးတယ် ကလေးတွေက သဘောမတူဘူး။ နောက် ၂၅၀၀၀ ပေးတယ် ကလေးတွေက သဘောမတူဘူး။ နောက်ဆုံးတော့ ကလေးတွေရဲ့ သဘောထားအတိုင်း ၃၀၀၀၀ နဲ့ တွက်ပြီးတော့မှ ပေးဖို့ သဘောတူလိုက်တယ်။ အဲဒီလစာကို ဘယ်နေ့ ပေးရမလဲဆိုရင် အခု ဒီ ဇူလိုင်လ လစာလည်း သူတို့ မပေးရသေးဘူး အလုပ်သမားတွေအတွက်။ လစာပေးတဲ့ရက်ကို ၃ ရက် ၈ လ နေ့မှာ ပေးမယ်။ ပေးတဲ့အခါကျရင် ပြီးခဲ့တဲ့ လစာရယ် အခု နစ်နာကြေးရယ်ကို အဲဒီနေ့မှာ တပေါင်းတည်း ပေးမယ်။”
လင်းထက် သိုးမွေးအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၄၀၀ ဝန်းကျင်ရှိပြီး ထိုင်ဝမ်တရုတ် သူဌေးတဦးက ပိုင်ဆိုင်ကာ အရင်မီးရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဝင်းရွှေရဲ့သားက အမည်ခံပေးထားတာ ဖြစ်ပါတယ်။
ဒီလင်းထက်သိုးမွေးစက်ရုံ အလုပ်သမားတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြခွင့်ကိုတော့ စာပေစိစစ်ရေးက မပေးခဲ့ပါဘူး။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရကတော့ ပြီးတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ဒီလိုအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး မြို့နယ်အလုပ်သမားကြီးကြပ်ရေးကော်မတီက အစိုးရကိုယ်စားလှယ် အဖြစ်ပါဝင်ပြီး အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေး ဖြေရှင်းပေးနေကြောင်း ပြောကြားထားပါတယ်။
ဒါ့အပြင် ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရအနေနဲ့ လူမှုဖူလုံရေးဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွေ ရေးဆွဲနေဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောကြားထားပါတယ်။
ဒီဥပဒေတွေနဲ့အတူ ရေးဆွဲနေဆဲဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှုံဆိုင်ရာ ဥပဒေတွေက မြန်မာနိုင်ငံသား ကုန်ထုတ်စွမ်းအားစု ဝန်ထမ်းတွေအပေါ် ဘယ်လောက်အထိ အကာအကွယ်ပေးပြဋ္ဌာန်းလာမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ