သေဆုံး ဗြိတိန် ၂ ဦး အလောင်းကို မမြင်ဖူး၊ မထိတွေ့ခဲ့ဖူးဟု မြန်မာလူငယ်နှစ်ဦးပြော
နန်းမြနဒီ
·
February 5, 2016
သေဆုံး ဗြိတိန်နိုင်ငံသား ၂ ဦးကို မမြင်ဖူးခဲ့သလို အလောင်းကို ထိတွေ့ကိုင်တွယ်ခဲ့တာလည်း မရှိခဲ့ဘူးလို့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူးအဖွဲ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ အခုလို ပြောကြားလိုက်တာပါ။
ဘန်ကောက်မြို့အနီး နွန်ထပူရီခရိုင် ဘန်ခွမ် အကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၄ ရက်က သွားရောက်တွေ့ဆုံအားပေးခဲ့တာပါ။
မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး၊ အလုပ်သမားသံအရာရှိ ဦးလှထွန်း နဲ့ အမှုမှာလိုက်ပါဆောင်ရွက်ပေးဖို့ မြန်မာသံရုံးက ဖွဲ့ပေးထားတဲ့ အထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးထူးချစ်၊ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်တွေပါ စုစုပေါင်း ၈ ဦး သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးကျော်သောင်းက “ကျနော်တို့ မနက် ၁၁ နာရီကနေ ၁၂ နာရီထိ တွေ့ခွင့်ရတယ်။ အရင်ထောင်တွေနဲ့ မတူတာကတော့ ဖုန်းနဲ့ပဲစကားပြောရတာပေါ့နော်၊ တယောက်နဲ့တယောက် မျက်နှာတော့ မြင်ရတယ်၊ တယောက်စီ အလှည့်ကျ ပြောရပါတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း မေးနေကျ မေးခွန်းကိုပဲ ထပ်မေးခဲ့တယ်။ မင်းတို့ ဘာလုပ်ခဲ့လဲ၊ မင်းတို့ အလောင်းကို ကိုင်ခဲ့ဖူးလား၊ အလောင်းကို တစုံတခု ထိတွေ့ခဲ့ရလား၊ သူတို့ကို မြင်ဖူးလားပေါ့။ ကလေး ၂ ယောက်ကလည်း သူတို့ မြင်လည်းမမြင်ဖူးဘူး၊ သိလည်းမသိဖူးဘူး၊ အလောင်းကိုလည်း မမြင်ဖူးဘူး၊ ဒီကိစ္စကို ကျနော်တို့ ဘာမှမသိဘူးပေါ့။ အရင်ကလည်း ဒီအတိုင်း မသိဘူးလို့ပြောတယ်၊ အခုလည်း ဒီအတိုင်းပဲ မသိဘူးလို့ ပြောပါတယ်။”
[caption id="attachment_134063" align="aligncenter" width="960"] မြန်မာသံရုံးအထူးအဖွဲ့ (ဓာတ်ပုံ - ရွှေလုပ်သား)[/caption]
လူငယ် ၂ ဦးလုံးကို ခြေကျင်းဖြုတ်ထားပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ သံရုံးအထူးအဖွဲ့အနေနဲ့ သူတို့ ၂ ဦးကို မုန့်ဖိုးငွေ ဘတ် ၅ ထောင်အပြင် အ၀တ်အစား ၃ စုံစီ၊ ခြင်းလုံးနဲ့ ဘွတ်ဖိနပ်တွေပါ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အယူခံဝင်ရေး ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး လောလောဆယ် မြန်မာနိုင်ငံက စေ လွှတ်လိုက်တဲ့ မြန်မာဥပဒေပညာရှင်၊ မှုခင်းရေးရာကျွမ်းကျင်သူတို့အတွက် အမှုတွဲကို မြန်မာလို ဘာသာပြန်ဆိုပေးနေတာ မပြီးသေးဘူးလို့ ဦးကျော်သောင်းက ပြောသွားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင်ထဲက လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နှစ်ဦး အသတ်ခံရမှုအတွက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ် ချမှတ်ထားတာဖြစ်ပါတယ်။