Home
မြန်မာသတင်း
ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ပိတ်ဆို့ တားဆီးခံနေရ
DVB
·
February 4, 2016
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ မော်ဆီတုန်းရွာမှာ ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ကို ဘိန်းစိုက်သူတွေက ၀ိုင်းရံတားဆီး ပိတ်ဆို့ထားတဲ့အတွက် ပြန်ထွက်မရဘဲ ပိတ်မိနေပါတယ်။ ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကစပြီး အစိုးရခွင့်ပြုချက်နဲ့ ရဲလုံခြုံရေးအင်အား အပါအ၀င် လူအင်အား ၃၀၀ လောက်နဲ့ အဆိုပါဒေသကို သွားရောက်ခဲ့တာပါ။ ဖေဖော်ဝါရီ ၃ ရက်နေ့ကတော့ ၀ိုင်းမော်မြို့နယ် မော်စီတုန်းရွာကိုရောက်ပြီး ဘိန်းခင်းတွေ စတင်ဖျက်ဆီးနေချိန်မှာ ဘိန်းစိုက်သူတွေက တုတ်ဓားလက်နက်ကိုင် လူအင်အား ၅၀၀ လောက်နဲ့ ၀ိုင်းရံခဲ့သလို ခဲတွေ၊ လောက်လေးခွတွေနဲ့ ပစ်ခဲ့တဲ့အတွက် ဘိန်းဖျက်သူတချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောပါတယ်။ “ကျနော်တို့အဖွဲ့က စတုန်း ကန်ပိုက်တီဘက်ကနေ မြောက်ဘက်ကို သွားလိုက်တဲ့အချိန်မှာ ဘိန်းခင်းတွေ တော်တော်များများရှိတဲ့ နေရာဘက်ကို ရောက်ပါတယ်။ ကျနော်တို့အဖွဲ့ ရောက်နေတဲ့ရွာက မော်စီတုန်းဆိုတဲ့ရွာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ တနေ့ညက မိုးချုပ်မှ အဲဒီကိုရောက်ပါတယ်။ ဆိုတော့ မနေ့မနက်ပိုင်းမှာ သူတို့ ဘိန်းခင်းဖျက်ဖို့ အစပြုတဲ့အချိန်မှာ အဲဒီဘိန်းခင်းပိုင်ရှင်တွေက ၀ိုင်းပြီးမှ ပိတ်ခံရတယ်။ တုတ်တွေ ဓားတွေနဲ့ ခြိမ်းခြောက်ခံရတယ်။ ဒီနေ့မနက် ၇ နာရီလောက်မှာတော့ သူတို့ဘက်က ခဲတွေ၊ လေးခွတွေနဲ့ ပစ်တာပေါ့။ ကျနော်တို့အဖွဲ့က ၃ ယောက်လောက် ဒဏ်ရာရတယ်။ အခုလည်း လူအင်အား ပိုများလာပြီး ၀ိုင်းထားတယ်လို့ ကျနော်တို့ကို အကြောင်းကြားပါတယ်။ အဲလိုမျိုး ကျနော်တို့က ဘိန်းခင်းတွေ ဘာမှ မဖျက်ဆီးနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။” ဘိန်းစိုက်သူတွေ ၀ိုင်းထားတဲ့အတွက် ဘိန်းခင်းဖျက်သူတွေက အဲဒီနေရာကနေ မထွက်နိုင်ဘဲ ပိတ်မိနေလို့ အစိုးရ တာဝန်ရှိသူတွေထံ အကူအညီ တောင်းခံထားတယ်လို့ ဦးတန်ဂွန်းက ပြောပါတယ်။ “သူတို့လူတွေက ပြန်လာလမ်းလည်း မရှိတော့ဘူး။ ဟိုမှာ ပိတ်ဆို့ခံနေရတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့က လုံခြုံရေးနဲ့သွားမှ အဆင်ပြေမယ့်သဘော ရှိပါတယ်။ ကျနော်တို့က အစကတည်းက လုံခြုံရေးကို အစိုးရကို တင်ပြထားပါတယ်။ အခုလောလောဆယ် ဂျီဝမ်းပဲရှိတယ်။ ဂျီဝမ်းကြီးကို ကျနော်တို့ တင်ပြထားတယ်။ နောက်ပြီး ပြည်နယ် ရဲမှူးကြီးကိုလည်း ကျနော်တို့ တင်ပြထားပါတယ်။ သက်ဆိုင်ရာ အစိုးရလူကြီးတွေကိုလည်း တင်ပြထားပါတယ်။ ဆိုတော့ သူတို့ရဲ့ ညွှန်ကြားချက်တွေကိုလည်း ကျနော်တို့ စောင့်နေပါတယ်။” ဘိန်းစိုက်ဧက ထောင်ချီရှိနေတဲ့ အဆိုပါဒေသကို အရင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ)၊ ယခု အစိုးရ နယ်ခြားစောင့်တပ်က  ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်ကလည်း ကချင်ပြည်နယ် တနိုင်းဒေသမှာ ဘိန်းခင်းဖျက်ဆီးတဲ့ လူငယ်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ ကချင်လူထုအခြေပြု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ဇန်န၀ါရီလကစပြီး အခုချိန်ထိ တနိုင်းမြို့နယ်၊ ၀ိုင်းမော်မြို့နယ် အပါအ၀င် ကချင်ပြည်တွင်းရှိ စိုက်ပျိုးထားတဲ့ ဘိန်းခင်းပေါင်း ၃၀၀၀ လောက် ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့လည်း ဦးတန်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024