ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည်တဦး မျောက်ကိုက်ခံရ

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသူတဦး ဓာတ်ပုံသွားရိုက်ရာက မျောက်တကောင်ကိုက်တာကို ခံခဲ့ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့က ရုရှားနိုင်ငံသူ မစ်စ် အလက်ဇန္ဒား (၂၀ နှစ်) ဟာ သူမရဲ့ အမျိုးသားအဖော်နဲ့အတူ ပတ္တယားမြို့ ကော်လန့်ကျွန်းမှာ စက်ဘီးစီးထွက်ရင်း ရှုခင်းသာကမ်းစပ်တခုမှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံရိုက်အပြီး ပြန်ဖို့ပြင်ဆင်နေချိန်မှာပဲ အဲဒီကျွန်းပေါ်မှာရှိတဲ့ မျောက်တကောင်က သူမပေါင်တံကို အနောက်ကနေ လှမ်းကိုက်ပြီး သွေးတွေ စီးကျလာတဲ့ထိ ဒဏ်ရာရခဲ့ပါတယ်။ အမျိုးသားအဖော်က အနီးကတုတ်နဲ့ မျောက်ကို မောင်းထုတ်လိုက်ပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းကာ အလက်ဇန္ဒားကို ဆေးရုံပို့ပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒီကျွန်းပေါ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ကလည်း အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး မျောက်ကိုက်ခံခဲ့ရပြီး ပတ္တယားမြို့နယ် တာဝန်ရှိသူတွေက ဆိုးသွမ်းဟန်ရှိတဲ့ မျောက်တွေကို လိုက်ဖမ်းပြီး အခြားကျွန်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒီနေ့မှာ အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခဲ့တာလို့ ကယ်ဆယ်ရေးဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up