လိင်ဆက်ဆံမှုမှ ဇီကာဗိုင်းရပ်စ် ကူးစက်မှု အမေရိကန်တွင် တွေ့ရှိ

ဇီကာဗိုင်းရပ်စ်ကို ခြင်ကနေ ကူးစက်တာမဟုတ်ဘဲ လိင်ဆက်ဆံမှုကနေ ရှားရှားပါးပါး ကူးစက်မှုကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ အမေရိကန် ကူးစက်ရောဂါဌာနက ထုတ်ပြန်ပါတယ်။ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ကူးစက်မှုလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ဇီကာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ခြင်းမရှိဘဲ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ဗင်နီဇွဲလားနိုင်ငံက ပြန်လာသူတဦးနဲ့ လိင်ဆက်ဆံမှုကြောင့် ဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာနက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ တောင်နဲ့ မြောက်အမေရိကနိုင်ငံ ၂၀ ကျော်မှာ ကူးစက် ပြန့်ပွားနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာထားပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်နေတဲ့ နိုင်ငံတွေက ပြန်လာပြီး သွေးလှူဒါန်းချင်တဲ့လူတွေကို အမေရိကန် ကြက်ခြေနီအဖွဲ့က အနည်းဆုံး ၂၈ ရက်အတွင်း သွေးလှူဒါန်းခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ၄ ပတ်အတွင်း မက္ကဆီကိုနိုင်ငံ၊ ကယ်ရစ်ဘီယံဒေသ၊ အလယ်အမေရိကနဲ့ တောင်အမေရိက နိုင်ငံတွေကနေ ပြန်လာသူတွေလည်း ကိုယ့်အသိစိတ်နဲ့ကိုယ် သွေးမလှူသေးဘဲ အချိန်တခု စောင့်ဆိုင်းကြဖို့ အမေရိကန် ကြက်ခြေနီအသင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ သြစတြေးလျနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှု ၂ မှု တွေ့ရှိတယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး မကြာခင်ကမှ ကယ်ရစ်ဘီယံဒေသက ပြန်လာတဲ့ ဆစ်ဒနီမြို့ခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up