ပြင်ပေါင်းရမယ့် ကောက်ညှင်းပေါင်း

မြန်မာနိုင်ငံ၌ ၁၉၄၈ ခုနှစ်ကတည်းက အုပ်စိုးလာသော အစိုးရအဆက်ဆက်၊ ထိုအစိုးရ အုပ်စိုးလာသော ခေါင်းဆောင်အဆက်ဆက်တွင် အကြံပေးအရာရှိ အများဆုံးသော အစိုးရအဖွဲ့ဆိုလျှင် ယခုအစိုးရအဖွဲ့ကို သတ်မှတ်ရပေမည်။ သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာကတည်းက ပြုပြင်ပြောင်းလဲရေးကို အခိုင်အမာလုပ်မည်ဟုဆိုကာ မိမိစိတ်ကြိုက် ရွေးချယ်ဖွဲ့စည်းခဲ့သလို အစိုးရအဖွဲ့တွင်း အကြံပေးအရာရှိများကိုလည်း အားကောင်းမောင်းသန် ဖွဲ့စည်းခဲ့လေသည်။ အထူးသဖြင့် သမ္မတအကြံပေးအရာရှိများကို ဖြစ်သည်။  စီးပွားရေးအကြံပေးအရာရှိ၊ နိုင်ငံရေးအကြံပေးအရာရှိ စသဖြင့် ခန့်အပ်ခဲ့ရာ စီးပွားရေးအကြံပေး အရာရှိဆိုလျှင် ဒေါက်တာဦးမြင့် ဖြစ်သည်။ သူ့ကို ပြောရဲဆိုရဲသော ပညာတတ် အကြံပေးအရာရှိအဖြစ် လူသိများ၏။ ဒေါက်တာကျော်ရင်လှိုင်လည်း အကြံပေးအရာရှိ တာဝန်ယူ၏။ ဦးကိုကိုလှိုင်ဆိုလျှင် နိုင်ငံရေးသဘောတရားဆိုင်ရာ အကြံပေးတာဝန်ခံပင် ဖြစ်ပေလိမ့်မည်။ ဒေါက်တာနေဇင်လတ်၊ ဦးတင်မောင်သန်း စသောသူများမှာလည်း ရုံးတရုံး ဓားတစင်းအဖြစ် သူတို့သိသမျှ တတ်သမျှ အကြံပေးကြလေသည်။ အရေးကြီးသည်မှာ အကြံပေးသည်က တခြား၊ လက်တွေ့ အကောင်အထည်ဖော်သည်က တခြား မဖြစ်ဖို့လိုသည်။ ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်လျှင် ပေးသောအကြံများမှာ သဲထဲရေသွန် ဖြစ်နေပေမည်။ သူတို့ စာအုပ်ထဲတွင် ဖတ်ရသမျှ သမ္မတကို အကြံပေးနိုင်သည်။ သို့သော် သူတို့သည် နိုင်ငံရေးသမားများမဟုတ်။ နိုင်ငံရေးဆိုသည်မှာ သဘောတရားနှင့် လက်တွေ့ ကိုက်ညီမှ နိုင်ငံအတွက် ဖော်ဆောင်ရာတွင် အကျိုးရှိပေမည်။ ဒီမိုကရေစီအကြောင်း မိုးမွှန်အောင်ပြောပြီး စာအုပ်ထဲ၌သာ သိသောသူမှာ စစ်အာဏာရှင်၏ အတွေ့အကြုံဖြင့် ကြီးပြင်းလာရသော ဗိုလ်မှူးကြီးများ၊ ဗိုလ်ချုပ်များဆိုလျှင် လက်တွေ့ကျသော ဒီမိုကရေစီနည်းနာများကို သေချာသိရှိ နားလည်ကြလိမ့်မည် မဟုတ်ပေ။ သဘောတရားနှင့် လက်တွေ့ ကင်းကွာ၍ မဖြစ်နိုင်ပေ။ ထိုအခါ အကောင်အထည်ဖော်ရာတွင် ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်နေပါတော့သည်။ သင်္ဂဇာဆရာတော် ဘုရားကြီး ဟောကြားသော သင်္ဂြိုဟ်၏ သဘာဝကို မညှိတတ်၊ မယူတတ်သော သင်္ဂြိုဟ်ဆရာ တယောက်အကြောင်း ဤကဲ့သို့ ပြောပြခဲ့ဖူးပါသည်။ “ရှေးသောအခါ ရွာတရွာတွင် ဒကာမောင်ထူး၊ မယားမိဖူးတို့ ရှိသတဲ့။ ထိုလင်မယား ၂ ယောက်တို့သည် ကောက်ညှင်းပေါင်း၍ ရောင်းချစားသောက် နေထိုင်ကြရာ အခါတပါး မယားမိဖူးက ပြောဆိုသည်မှာ- ‘မောင်မင်း ယနေ့ ကျွန်ုပ် အရွာရွာသို့လျှောက်၍ ကောက်ညှင်းပေါင်းရောင်းရန် သွားလိုပါသည်။ အိမ်မှာ မနက်ဖြန်ရောင်းရန် ကောက်ညှင်းပေါင်းနှင့်စေချင်ပါသည်။ မောင်မင်း ကောက်ညှင်းပေါင်းတတ်ပါ၏လော’ ဟုမေး၏။ “ထိုအခါ မောင်ထူးက ‘မိဖူးရယ် ကောက်ညှင်းပေါင်းရောင်းစား၍ အံသွားများပင် တိုလုပေါ့။ အပိုတွေ စကားများမနေပါနှင့်။ သွားမှာကိုသာ သွားပါ။ ကောက်ညှင်းကို ငါပေါင်း၍ထားနှင့်မည်။’ ဆိုလျှင် မယားဖြစ်သူ မိဖူးသည် မောင်ထူးကို စိတ်ချ၍ အိမ်မှ ဈေးရောင်းထွက်သွားလေသတည်း။ “ထိုအခါ မောင်ထူးသည် ရေနွေးအိုး၌ရေမပါ။ ပေါင်းချောင်တွင်သာ ဆန်ထည့်၍ ပေါင်းသဖြင့် နေစောင်း၍ ဝင်ခါနီးသော် ကောက်ညှင်းလည်း မနပ်မကျက်၊ အငွေ့လည်း မထွက်သောကြောင့် အမျက်ဒေါသမူပြီးနောက် “ရွာသူမကင်း၍ ငါ့ကောက်ညှင်းမနပ်သည်” ဟု ပါးစပ်က ဆဲဆို၍ မီးဖိုတွင် ထိုင်လျက် ကြံမှိုင်၍ နေလင့်၏။ “ထိုအခါ မယားမိဖူးသည် ဈေးရောင်းရာမှ ပြန်လည်ခဲ့၍ အိမ်သို့ ဆိုက်ရောက်သောကာလ ဈေးတောင်းကို ချပြီးနောက် ‘နပ်ပါစ မောင်မင်း။ ကောက်ညှင်းပေါင်း၍ မပြီးသေးလော’ ဟုမေးရာ ‘တန်ပါဟယ်။ ကောက်ညှင်းပေါင်းစကား လာမပြောပါနှင့်။ သည်ရွာ၏ သဘောကို မပြောပေတည့် ငါအသိသားကပဲ။ ညည်းသွားစက ပေါင်းသည့်ကောက်ညှင်း ခုထက်တိုင် ဖိုပေါ်က မဆင်းသည်ကို စေ့ငုထောက်ဆသော် ပယောဂလက်ငင်းရွာသူတို့ မကင်း၍ ကောက်ညှင်းမနပ်သည်’ ဟု အတပ်စွဲဆိုလေသတဲ့ - “ထိုအခါ မယားမိဖူးက ‘ထူးထူးထွေထွေ ရှိလာချေသည်’ ဟု သေချာစွာ ရှုကြည့်သော် ‘ရေမထည့်တဲ့အတွက် မောင်မင်း၏ ကောက်ညှင်း မကျက်သည်ကို ရွာဖက်၍ မထင်နှင့်။ ယခင်က ရေမပါသဖြင့် နေရာကျ အငွေ့မထွက်သောကြောင့် မကျက်မနပ်သည်’ ဟု မယားက ပြောရသတဲ့ဒကာရဲ့။ ယခုလည်း မောင်ထူး အစက မကောင်းတတ်၍ မနပ်သည်ကို ရပ်ရွာအား အပြစ်ဆိုသကဲ့သို့ သင်္ဂြိုဟ်၏ သဘာဝကို မညှိတတ်၍ မယူဆတတ်သည်ကို သူတကာအား အပြစ်မဆိုပါနှင့် ဒကာ” ဟု ဆရာတော်ဘုရားကြီးက ဆုံးမသြဝါဒ ဟောကြားခဲ့ဖူးပါသည်။ စစ်အစိုးရအဆက်ဆက်သည် ရေမထည့်ဘဲ ကောက်ညှင်းပေါင်းသလို မဆိုင်သည်များကို မဆိုင်သလို လုပ်လာခဲ့၍ တိုင်းပြည်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ၊ ဓားမနောက်ပိတ်ခွေးနိုင်ငံ ဖြစ်လာခဲ့ရသည်။ ၁၉၆ဝ ခုနှစ်များ၍ ကမ္ဘာပေါ်တွင် ဆိုရှယ်လစ်စနစ် ခေတ်စားနေသောကြောင့် ဗိုလ်နေဝင်းသည် သူလည်း ဆိုရှယ်လစ်လုပ်ချင်လာသည်။ သို့သော် ကွန်မြူနစ်ဖြစ်မှာလည်း ကြောက်၏။ ထို့ကြောင့် သူ၏ တပည့်ကြီးကို ဆိုရှယ်လစ်သဘောတရား ရေးခိုင်းကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရေးခိုင်းလေသည်။ ထိုဆိုရှယ်လစ်စနစ်ကို အညမညဆိုရှယ်လစ် သဘောတရားဟု ခေါ်သည်။ မာ့က်စ်လီနင်ဝါဒကို အခြေခံသော ဆိုရှယ်လစ်စနစ်မှာမူ အလုပ်သမားများကို အခြေခံပြီး လယ်သမားများကို မဏ္ဍိုင်ပြုသော ဝါဒဖြစ်သော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကမူ လယ်သမားကို အခြေခံပြီး အလုပ်သမားနှင့် မဟာမိတ်ပြုလေသည်။ ဆိုရှယ်လစ်ဝါဒဆိုလျှင် အရင်းရှင်တို့ ပိုင်သမျှကို အလုပ်သမား၊ လယ်သမား ပိုင်သည်ဟုဆိုကာ မြန်မာနိုင်ငံတွင် ပြည်သူပိုင် အားလုံးသိမ်းတော့သည်။ ကုမ္ပဏီလုပ်ငန်းအားလုံး စစ်တပ်က သိမ်းယူကာ ပြည်သူပိုင်ဟု ကြေညာလေတော့သည်။ မဆလဝါဒမှာလည်း ဗိုလ်နေဝင်းဝါဒ ဖြစ်သွားလေတော့သည်။ လယ်သမား၊ အလုပ်သမားကို အခြေခံသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းသော မတ်လ (၂) ရက်နေ့ကို လယ်သမားနေ့ဟု သတ်မှတ်ပြီး ချမ်းသာသော လယ်သမားများ၊ မြေရှင်များကို လယ်သမားကိုယ်စားလှယ်ဟု သတ်မှတ်လိုက်၏။ ရန်ကုန်မြို့ မြင်းပြိုင်ကွင်းတွင် လယ်သမားညီလာခံ ပြုလုပ်ကာ လယ်သမားနိုင်ငံ တည်ဆောက်နေပါသည်ဟု မစားရဝခမန်း ကြေညာခဲ့လေသည်။ ကမ္ဘာတွင်မရှိသော ဆိုရှယ်လစ်ဝါဒကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရာတွင် ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်ကာ ကောက်ညှင်းပေါင်း ဖြစ်မလာဘဲ ကောက်ညှင်းဆန်အဖြစ်သာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ရပါသည်။ ဒုတိယစစ်အစိုးရခေတ်တွင်လည်း အရည်မရ၊ အဖတ်မရ တတ်ယောင်ကန်း အလုပ်များ မျိုးစုံလုပ်ခဲ့သည်။ ငြင်းမရသော သာဓကတခု ပြရမည်ဆိုလျှင် ကြက်ဆူပင်စိုက်ခြင်း ဖြစ်ပါသည်။ ကြက်ဆူဆီသည် လောင်စာဆီတမျိုးဖြစ်သည်ဟု သူတို့ပညာရှင်များ၏ အကြံဆိုး၊ အကြံယုတ်များကြောင့် လူတိုင်း ကြက်ဆူပင် စိုက်ရတော့၏။ ကြက်ဆူပင်များစိုက်ပြီး ကြက်ဆူဆီမည်မျှ သက်ဆိုင်ရာကို ပေးရမည်ဆိုသော အချက်ဖြင့် ဗိုလ်သန်းရွှေသည် ကမ္ဘာတွင် မကြားဘူးသော ကြက်ဆူဆီ စီမံကိန်းကို ပြုလုပ်ပါတော့သည်။ ထိုကြက်ဆူဆီဖြင့် မည်သည့်ကားမှ မောင်း၍ရသည်ကို မကြားဘူးပေ။ ကမ္ဘာပေါ်တွင် ကြက်ဆူဆီဖြင့် ထိပ်တန်းရောက်နေသောနိုင်ငံ မတွေ့ဘူးပေ။ မြန်မာနိုင်ငံက ထိုနေရာယူဖို့ ကြိုးစားသလားမသိပေ။ ရေနံသာလျှင် အခြေခံလောင်စာအဖြစ် ယနေ့ထက်တိုင် ကမ္ဘာကို လွှမ်းမိုးနေ၏။ ရေနံထုတ်၍ရလာသော သဘာဝဓာတ်ငွေ့များသည် ယနေ့ထက်တိုင် လောင်စာအဖြစ် တွင်ကျယ်နေပါသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်တပ်ဖြင့် ထိန်းချုပ်ထားရာမှနေ မြွေမသေ၊ တုတ်မကျိုး လမ်းစဉ်များ ချဖို့လည်း ကြိုးစားခဲ့ကြ၏။ ညောင် ၂ ပင် ညီလာခံ လုပ်သည်။ လမ်းပြမြေပုံ ၇ ချက် ရေးဆွဲသည်။ ထိုမှနေ ၂ဝဝ၈ ဖွဲ့စည်းပုံကြီး ပေါ်ပေါက်လာပါတော့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ပေးရမည်။ ဖျက်ပေးရမည်ဟု တောင်းဆိုကြသလို အတိုက်အခံ နိုင်ငံရေးသမားများ၊ စာပေသမားများ၊ စာနယ်ဇင်းသမားများကလည်း တောင်းဆိုကြပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် သွားနေသရွေ့ မည်သို့မှ ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်ဟု နိုင်ငံတကာကရော ထောက်ပြပြောဆိုကြပါသည်။ ထိုမတိုင်ခင်က သူတို့သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မျိုး၊ လမ်းညွှန်ဒီမိုကရေစီ ဆိုသည်မျိုးများလည်း လုပ်ခဲ့ကြသည်။ နောက်ဆုံး ၂ဝဝ၈ ဖွဲ့စည်းပုံ ရေးဆွဲကာ ဖြစ်ချင်ရာဖြစ်ဆိုသည့် သဘောမျိုးဖြင့် အဓမ္မ အကောင်အထည် ဖော်ခဲ့ကြပါတော့သည်။ ကောက်ညှင်းပေါင်း ပေါင်းခိုင်းလေသည်။ ထိုကောက်ညှင်းပေါင်းရာတွင် ရေမပါပေ။ ကောက်ညှင်းပေါင်း ဖြစ်မလာ။ ကောက်ညှင်းဆန်အဖြစ်သာ အချိန်ကုန်သွားသည်။ ကမ္ဘာတွင် ဒီမိုကရေစီ အညွှန်းကိန်းများဖြင့် ကိုက်ညီသော လမ်းစဉ်များကို သိရှိကြပါလိမ့်မည်။ သို့သော် ၂ဝဝ၈ လို ဖွဲ့စည်းပုံနှင့်ရောက်အောင် မသွားနိုင်ကြောင်း သက်သေပြနေသည်။ ယခု ၅ နှစ်အတွင်း ထိုဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီမရနိုင်။ ထိုကောက်ညှင်းပေါင်းကို ပြင်ပေါင်းမှ ရတော့မည်။ ရေထည့်၍ ကောက်ညှင်းပေါင်းဖြစ်အောင် မှန်မှန်ကန်ကန် ကြိုးစားပေါင်းဖို့အချိန် ရောက်လာပြီဖြစ်သည်။ ထက်မြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up