ရှမ်းပြည်နယ်တွင်း ချုံခိုတိုက်ပွဲများ ဆက်လက်ဖြစ်ပွား
DVB
·
July 28, 2011
ရှမ်းပြည်တပ်မတော် ရှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ် ဝမ့်ဟိုင်းဒေသမှာ တပတ်ကျော်ကြာ ဝိုင်းရံထားတဲ့ အစိုးရတပ်က ထိုးစစ်ဆင်မှုအခြေအနေတွေ ခုတလော ငြိမ်သက်နေပေမယ့် တခြားဒေသတွေမှာတော့ ချုံခိုတိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
[caption id="attachment_13362" align="alignright" width="310" caption="(photo - ssa/sspp)"][/caption]
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အစိုးရတပ်က တပတ်အတွင်းတိုက်ခိုက် သိမ်းပိုက်ဖို့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စပြီး ဝိုင်းရံထားပေမယ့် ခုထိ တိုက်ခိုက်တာ မရှိသေးပါဘူး။
ဒါပေမယ့် ဒီကြားထဲမှာ တပ်အလဲအလှယ်လုပ်တာ၊ အင်အား ဖြည့်တာတွေတော့ ရှိနေပါတယ်။
ဝမ့်ဟိုင်းဌာနချုပ်ကို အစိုးရတပ်တွေ အလွယ်တကူ မဝင် ရောက်နိုင်အောင် ရှမ်းပြည်တပ်မတော်ဘက်ကလည်း သူတို့ဌာနချုပ်ကို ကာကွယ်ဖို့ အတွင်း ဝိုင်းကနေ နေရာယူထားသလို အပြင်ဘက်မှာလည်း အစိုးရတပ်တွေ နောက်ထပ် အင်အား မဖြည့်နိုင်အောင်လို့ ပစ်ခတ်ကာကွယ်နေတာတွေ ရှိနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းဌာနချုပ်က ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ခုလို ပြောပါတယ်။
“မိုင်းနောင်ကနေ ၀မ့်စိန်းဘက်ကို အစိုးရတပ်တွေက ဝမ့်ဟိုင်းဒေသဘက် စစ်ကူ သွားကြမယ်ဆိုတော့ ယာဉ်တန်းကို ကျနော်တို့ အက်စ်အက်စ်အေ ပြောက်ကျား တပ်ဖွဲ့တဖွဲ့တော့ အဲဒီ ကားလမ်းကို ချုံခိုပြီးတိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်က ခမရ ၅၇၇ မိုင်းလောင်အခြေစိုက်တပ် ဖြစ်ပါတယ်။ အဲဒီ မြောက်ပိုင်းတပ်တွေကို စစ်ကူသွားမယ့် တပ်တွေကို ဖြတ်ပြီးတော့ ချုံခိုတိုက်ခိုက်ခြင်းဟာ မြောက်ပိုင်းတပ်တွေကို အကူအညီပေးတဲ့ နည်းပရိယာယ်တခု ဖြစ်ပါတယ်။”
ဇူလိုင် ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတုန်းက ၁၀ မိနစ်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီချုံခိုတိုက်ပွဲမှာ မိုင်းနောင်အခြေစိုက် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စကခမှူး ဗိုလ်မှူးကြီး ဝင်းညွန့်နဲ့အတူ တပ်ကြပ်ကြီးတဦး၊ တပ်သား တဦး ဒဏ်ရာရရှိသွားတယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
ဒါ့အပြင် မိုင်းရယ်၊ သီပေါ စတဲ့မြို့နယ်တွေမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီဘက်က ရှမ်းတပ်မတော်နဲ့ အစိုးရတပ်တို့ကြားမှာလည်း ပြောက်ကျားတိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေပါတယ်။
မတ်လ ၁၃ ရက်နေ့ကစပြီး ဝမ့်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်ကို ထိုးစစ်ဆင်နေရာ ၄ လ ကျော် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ခြေကုပ်စခန်း ၅ ခု ဆုတ်ခွာပေးခဲ့ ရပါတယ်။