Home
မြန်မာသတင်း
စံမမီတာတွေကို ပြုပြင်ပြောင်းလဲမည်ဟု လွှတ်တော်ဥက္ကဋ္ဌသစ်ပြောကြား
DVB
·
February 1, 2016

ဥပဒေပြုလွှတ်တော်တစ်ရပ်အနေနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို စိစစ်ပြီး ကျင့်ဝတ်စံနှုန်းနဲ့ မကိုက်ညီတာတွေကို ပြုပြင်ပြောင်းလဲသွားကြရမယ်လို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီကနေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးမှာ ပြောကြားပါတယ်။

“တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ညီမညီ  လူ့အခွင့်အရေးစံနှုန်းများနဲ့ ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနဲ့ ဆီလျော်မှုရှိမရှိ၊ နိုင်ငံတကာစာချုပ်စာတမ်းများနဲ့ အကျုံးဝင်မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိမရှိ၊ ပြည်သူလူထုရဲ့ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ်ပေးမပေးတို့ကို လေ့လာစီစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

မနှစ်နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ ဒုတိယအကြိမ်မြောက်လွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော်ကို ဒီကနေ့မနက်က ပထမဆုံးနေ့ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ရန်ကုန်တိုင်း တာမွေမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ဒုတိယဥက္ကဋ္ဌအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြပါတယ်။

ဒီကနေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးကိုလွှတ်တော်ကိုယ်စားလှယ် ၄၃၃ ဦးရှိသည့်အနက် ၄၂၉ ဦးတက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုဖြစ်ပါတယ်။  အမျိုးသားလွှတ်တော်ကတော့ လာမယ့် ဇန်န၀ါရီလ ၃ ရက်နေ့ကျမှ စတင်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်ပြောကြားရာမှာ ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နှင့် လူ့အခွင့်အရေးများမြှင်တင်နိုင်မှု၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှုတွေအတွက် တဦးနှင့်တဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြပါလို့ တိုက်တွန်းသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အလန်းတွေ ပေါ်ပေါက်လာစေဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေ ပိုမိုရရှိလာစေဖို့ ကြိုးပမ်းအားထုတ်မယ်လို့လည်း သူက ကတိပြုပြောကြားပါတယ်။

ဒီလွှတ်တော်အစည်းအဝေးကို  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့သူ ၂၉ ဦး၊ အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်နာယက သူရဦးတင်ဦးခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၂၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃၅ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦး၊ အခြားပါတီဝင်/အဖွဲ့အစည်းနဲ့ ပြည်သူလူထု ၉၀ ဦး၊ သင်တန်းသူ၊ သင်တန်းသား ၃၀ ဦးနဲ့ နိုင်ငံခြားသံရုံးတွေက သံအမတ်တွေနဲ့ နိုင်ငံခြား ဧည့်သည်တော် ၁၃ ဦး၊ စုစုပေါင်း ၃၆၇ ဦးတက်ရောက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်သက်တမ်းဟာ ဇန်န၀ါရီ ၂၉ ရက်နေ့က ကုန်ဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024