ပြည်တွင်းစစ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း
DVB
·
July 28, 2011
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေတွေအမြန်ဆုံး အဆုံးသက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်စွမ်းရှိသမျှ ကြားဝင်ကြိုးပမ်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြောကြားလိုက်ပါတယ်။
လူထုခေါင်းဆောင်တဦးအနေနဲ့ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဒီကနေ့ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
[caption id="attachment_13335" align="alignright" width="309" caption="ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)"]
[/caption]
ဒီအိတ်ဖွင့်ပေးစားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံကိုတော့ တရားဝင်ပေးပို့ ပြီးဖြစ်ပေမယ့် ကျန်တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တပ်မတော်စတဲ့ အဖွဲ့အစည်းတွေကိုတော့ ပေးပို့ဖို့ အခက်အခဲ ရှိနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကပဲ ထုတ်ပြန်လိုက် ရတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“ကျနော်တို့မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဖို့အတွက် လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ အဲဒါကြောင့်မို့လို့ အိပ်ဖွင့်ပေးစာကိုတော့ ကျနော်တို့ အဖွဲ့ချုပ် ပြန်ကြားရေးကပဲ ထုတ်လိုက်ရတယ်။ အဲဒီတော့ သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ဒီကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပေါ့ဗျာ ဆောင်ရွက်ကြပါလို့ အဲဒီလို မေတ္တာရပ်ခံထားပါတယ်။”
ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော် ကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နှစ်ဘက် သေကျေဆုံးရှုံး ပျက်စီးမှုတွေကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတဲ့အပြင် နိုင်ငံပိုင်အဆောက်အဦတွေ၊ စီမံကိန်းလုပ်ငန်းတွေလည်း ပျက်စီးမှုတွေ အများအပြား တွေ့မြင်နေရကြောင်း၊ ဒီပဋိပက္ခတွေကြောင့် တိုင်းရင်းသားပြည်သူအများအပြားဟာလည်း အတိဒုက္ခများစွာနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့တော့မယ့် အန္တရာယ်ရှိတွေပါ ရှိလာပြီလို့လည်း သတိပေးပြောကြားထားပါ တယ်။
ဒါ့အပြင် ဒီပြဿနာတွေကို အင်အားသုံး ဖြေရှင်းကြမယ်ဆိုရင်လည်း နှစ်ဦးနှစ်ဘက် အကျိုး ဆုတ်ယုတ်မှုတွေသာ ဖြစ်ပေါ်လာနိုင်တာကြောင့် ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ ပြည်ထောင်စုကြီးရဲ့ အနာဂတ်အတွက် အာမခံချက်ရှိတဲ့ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ရရှိနိုင်မယ့်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။
ဒါကြောင့် တဦးနဲ့တဦး၊ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်နားလည်မှု၊ ယုံကြည်လေး စားမှုတွေနဲ့ ဖြေရှင်းကြမယ်ဆိုရင် ပြေလည်မှုရရှိပြီး တည်ငြိမ်းအေးချမ်း နိုင်လိမ့်မယ်လို့လည် ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။
ဒီလိုတိုင်းပြည် တည်ငြိမ်အေးချမ်းမှသာ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်မယ်လို့လည်း ပြောကြားထားပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်ကြဖို့နဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲကြဖို့ မေတ္တာရပ်ခံထားသလို အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ဖော်ပြကမ်းလှမ်း ထားတာ ဖြစ်ပါတယ်။
ဒီလို ကမ်းလှမ်း လိုက်တဲ့အပေါ် လက်ခံခြင်း မခံခြင်းဟာ အစိုးရသစ်ပေါ်မှာသာ မူတည်မယ်လို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။
“ဆွေးနွေးဖြေရှင်းဖို့အတွက် သူ့ဘက်က စေတနာ ပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တယ်ဆိုတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ်မှာ ပါဝင်ပြီးတော့ ဆောင်ရွက် ချင်တယ်ဆိုတဲ့ သဘောပါပဲ။ ဘယ်လိုဖြစ်လာမလဲ အခြေအနေကတော့ မပြောတတ်ဘူး။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင် ပြောကြားခဲ့တာပါ။ ဒီအပေါ်ကို သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အခုလိုသုံးသပ်ပြောကြား ထားပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်မှာကတော့ သူတို့ အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်မယ့် အနေအထား ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဘာမှ ပါဝင်ပတ်သက်ခွင့် မရှိပါဘူးခင်ဗျ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ အကုန်လုံးပေါ့နော် အားလုံးက ညီညီညွတ်ညွတ်နဲ့ ကိုယ့်လူ ကိုယ့်အချင်းချင်း ဖြစ်နေကြတဲ့ ပြဿနာဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားရင် အကောင်းဆုံးပါပဲ။ နိုင်ငံရေး ကိစ္စတွေက နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပဲ ဆိုတာတော့ အားလုံးကလည်း ခံယူထားပါတယ်။ အစိုးရပိုင်းကရော လက်နက်ကိုင် ပြီးတော့မှ ဖြစ်နေကြတဲ့ အဖွဲ့တွေကရော သူတို့လည်းပဲ ဒီလို သဘောထားပဲ ရှိတယ်လို့ သူတို့ ပြောနေတဲ့ စကားတွေအရလည်းပဲ သိပါတယ်။ နောက်တော့ အရေးကြီးတာကတော့ ကိုယ့်ညီအစ်ကို မောင်နှမတွေအားလုံး စုပြီးတော့မှ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လိုက်လိုက်လျောလျော အပေးအယူလေးတွေ ဖြစ်လာလို့ရှိရင် ဒီကိစ္စ ပြေလည်သွားမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ အရင်တုန်းကတော့ မျဉ်းပြိုင်သွားနေတဲ့ မျဉ်းကြောင်း ၂ ကြောင်းပေါ့ဗျာ။ အခုကတော့ တနေ့ကပဲ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ထိစပ်မှုတွေ ရှိပါတယ်။ နောက်လည်း ဆက်ပြီးတော့ ဆောင်ရွက်ဖို့တွေလည်းပဲ ရှိသေးတယ် ဆိုပြီးတော့မှ ဆက်ဆံရေး ဝန်ကြီးပေါ့နော် ဦးအောင်ကြည် ကိုယ်တိုင်ကလည်း ပြောသွားတယ်။ ပြောသွားတယ် ဆိုတော့ ရှေ့ဆက်ပြီးတော့ တိုင်းပြည်ကောင်းဖို့ပေါ့ ပြည်သူလူထုတွေ အားလုံး ကောင်းမွန်ဖို့၊ ဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့၊ အေးချမ်းဖို့ အကုန်လုံးအတွက်ပါ ဆက်ပြီးတော့မှ ပူပေါင်းဆောင်ရွက်သွားနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိလာလိမ့်မယ်လို့တော့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်ခင်ဗျ။”
လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားဒေသပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်တပ်မတော် ကေအိုင်အေနဲ့ အစိုးရကြား ယာယီအပစ်ရပ်ကြဖို့ အစိုးရဘက်က ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ကေအိုင်အေကတော့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်ရပ်မှုမျိုးကိုသာ လိုလားကြောင်း တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေကလည်း ငြိမ်းချမ်းရေးကော်မတီ တရပ်ဖွဲ့စည်းလုပ်ဆောင်ဖို့ အစိုးရသစ်ကို တိုက်တွန်းထားကြပါတယ်။
