DVB Logo
Home
မြန်မာသတင်း
အစိုးရ တရားဝင် ကိုယ်စားလှယ်လွှတ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ရှမ်းပါတီ ပြော
DVB
·
July 28, 2011
အစိုးရ တရားဝင် ကိုယ်စားလှယ်လွှတ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ရှမ်းပါတီ ပြော
Donate to DVB

အပစ်အခတ်ရပ်စဲရေးအတွက် တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကမ်းလှမ်းမယ်ဆိုရင် တနိုင်ငံလုံးအပစ်ရပ်ရေးကိစ္စ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရှမ်းပြည်နယ်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက ပြောကြားလိုက်ပါတယ်။

[caption id="attachment_13318" align="alignright" width="310" caption="ဓာတ်ပုံ - SSA/SSPP "][/caption]

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ်ဟိုင်းဌာနချုပ်ကို အစိုးရတပ်မတော်ဘက်က  သံဃာတော် ၂ ပါးစေလွှတ်ပြီး ငြိမ်းချမ်းရေးကိစ္စ စကားကမ်းလှမ်းခဲ့ပြီးတဲ့နောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဘက်က ခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါသံဃာတော် ၂ ပါးကတော့ ကျေးသီးမြို့နယ် ခေးပွမ်းရွာက ကျောင်းထိုင် ကိုယ်တော်နဲ့ အခြားသံဃာတပါးဖြစ်တယ်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ရှမ်းပြည်တပ်မတော်ဘက်က လေးစားကြည်ညိုတဲ့ ကိုယ်တော်တွေဖြစ်ပေမယ့် ငြိမ်းချမ်းရေးကိစ္စအတွက် စေလွှတ်သူ အမည်နာမ ရာထူး အချက်အလက် တိတိကျကျနဲ့ စာနဲ့ပေနဲ့ လာတာ မဟုတ်ကြောင်း၊ တကယ်လို့ အစိုးရဘက်က အကျိုးဆောင် ကော်မတီဖွဲ့ပြီး တရားဝင် ဆွေးနွေးလာမယ်ဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီအနေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ခုလိုပြောပြပါတယ်။

“ကျနော်တို့က ၀မ်ဟိုင်းဒေသ တည်ငြိမ်းအေးချမ်းမှုကို လိုလားရုံသာမက တတိုင်းပြည်လုံး အေးချမ်းမှုကိုလည်း ကျနော်တို့က လိုလားပါတယ်။ တရားဝင် နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ သူတို့ အရာရှိတွေပဲ ဖြစ်ဖြစ် ကော်မတီအဖွဲ့ ဖွဲ့ပြီးတော့ ကမ်းလှမ်းမှု ရှိလာရင်တော့ ကျနော်တို့လည်း တရားဝင်ဆွေးနွေးဖို့ အသင့်ပါပဲ။ ကျနော်တို့ ငြိမ်းချမ်းရေး လိုလားလို့ပဲ အနှစ် ၂၀ လုပ်ခဲ့ပြီးပြီ။ အခုဟာက ကျနော်တို့ကို သူတို့ လာတိုက်တယ်။ အလုံးအရင်းနဲ့လည်း ချဉ်းကပ်ထားတယ် ဆိုတော့ တကယ်ကမ်းလှမ်းချင်တယ်ဆိုရင်တော့ ကျနော်တို့ နယ်မြေထဲမှာ ထိုးစစ်ဆင်နေတာ ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ကျေးသီးမြို့ အနောက်မြောက်ဘက် ၁၃ မိုင်အကွာမှာရှိတဲ့ ၀မ့်ဟိုင်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ အစိုးရတပ်ရင်း အင်အား ၁ ထောင်ကျော်လောက်ဟာ ရွာရဲ့ အရှေ့တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်နဲ့  ၈ မိုင် နဲ့ ၃ မိုင်လောက်အကြားမှာ အသီးသီးရောက်ရှိနေကြပါတယ်။

အစိုးရတပ်က မိမိဒေသကို အလွယ်တကူ ၀င်မသိမ်းနိုင်အောင် ရှမ်းပြည် တပ်မတော်ဘက်ကလည်း အစိုးရတပ်နဲ့ အနည်းဆုံး တဖာလုံလောက်နီးတဲ့ စခန်းကနေ နေရာယူ အသင့်ပြင်ထားတယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ဆိုပါတယ်။

မတ်လကစတင်တဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၁၅ ကျောင်းခန့် ပိတ်ထားရဆဲဖြစ်ပြီး ဒေသခံရွာသားတွေဟာ တိုက်ပွဲလွတ်ရာဒေသကို ကစဥ့်ကလျား ပုန်းအောင်းနေကြပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ဟာ အရင်က ရှမ်းတပ်မတော် (မြောက်ပိုင်း) ဖြစ်ပြီး ၀မ်ဟိုင်းဌာနချုပ်ကို ဗဟိုပြုထားပါတယ်။ အစိုးရဘက်က သူတို့ကို ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ကမ်းလှမ်းချက်ကို လက်မခံလို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013