DVB Logo
Home
Lead Story
ထိုင်ဝမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ၊ အာရှရဲ့ အင်ဂျလာမာကဲလ် ဖြစ်လာလေမလား
DVB
·
February 1, 2016
ထိုင်ဝမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ၊ အာရှရဲ့ အင်ဂျလာမာကဲလ် ဖြစ်လာလေမလား
Donate to DVB

ပြီးခဲ့တဲ့အပတ် စနေနေ့ (၁၆ ရက် ဇန်န၀ါရီ ၂၀၁၆) နေ့မှာတော့ ထိုင်ဝမ်နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မဲဆန္ဒရှင်ပေါင်း ၁၂ သန်းကျော်ရဲ့ မဲဆန္ဒအားလုံးရဲ့ ၅၆ ဒသမ ၁၂ ရာနှုန်းရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်တင်မြှောက်ခံခဲ့ရတာကတော့ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်အင်းဝင်ပဲ ဖြစ်ပါတယ်။

သူဟာ ဥပဒေပါမောက္ခတယောက် ဘ၀ကနေပြီး ဆယ်စုနှစ်အတွင်း တဟုန်တိုး အောင်မြင်တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်လာခဲ့သူတယောက် ဖြစ်ပါတယ်။ သူဟာ လက်ရှိ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ခုပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကူမင်တန်ပါတီရဲ့ သမ္မတလောင်း မစ္စတာ အဲရစ်ချူ နဲ့ ပြည်သူလူထု ပထမပါတီ (PFP) ရဲ့ သမ္မတလောင်း မစ္စတာ ဂျိမ်းစ်ဆွန်းတို့နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့တာဖြစ်ပြီး သမ္မတ ရွေးချယ်ခံရမယ်လို့ တစ်ပ်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ တစ်ပ်ပေးခံခဲ့ရတဲ့အတိုင်းလည်း ဆန္ဒမဲရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ရယူ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ခုချိန်မှာ သူဟာ အာရှရဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင် အမျိုးသမီးတယောက်တော့ မဟုတ်ပေမယ့် နိုင်ငံရေးအမွေအနှစ်၊ အရိုက်အရာမရှိတဲ့ ပထမဆုံး အမျိုးသမီးသမ္မတတယောက် ဖြစ်လာသလို နိုင်ငံရေးလောကထဲကို ပြင်ပကနေ ပထမဆုံး ၀င်ရောက်လာခဲ့တဲ့ အမျိုးသမီး တယောက်လည်း ဖြစ်ပါတယ်။

ဒါတင်မကဘဲ တရုတ်စကားပြောနိုင်ငံတွေ အတွင်းမှာ သြဇာအာဏာအရှိဆုံး အမျိုးသမီးတယောက် ဖြစ်လာဖို့ အဆင်သင့် ဖြစ်လာခဲ့ပြီလို့ ပြောရမယ့် အနေအထားမှာ ရှိနေပါတယ်။

“ရင်ကလေး” လို့ ဒေသမီဒီယာတွေက ချစ်စနိုး အခေါ်ခံခဲ့ရတဲ့ ဆိုင်ဟာ သူ ဆယ်ကျော်သက်ဘ၀က ထိုင်ပေကို ပြောင်းရွှေ့မလာခဲ့သေးခင်က ထိုင်ဝမ်တောင်ပိုင်း ကျေးရွာလေးတခုဖြစ်တဲ့ ဖင်န်ဂင်းမှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားမှုနဲ့ ရှေ့နေတယောက် ဖြစ်လာခဲ့တဲ့ ဆိုင်ဟာ ထိုင်ဝမ် အမျိုးသားတက္ကသိုလ်မှာ ပထမဆုံး တက်ရောက် ပညာသင်ကြားခဲ့ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ ဥပဒေတန်းကို တကြိမ် ကျရှုံးခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ်လို့ သူဟာ သူ့ရဲ့ ဥပဒေဘာသာ လေ့လာသင်ယူမှုကို ဆက်လက်တိုးမြှင့်ခဲ့ပြီး ကွန်းနဲလ်တက္ကသိုလ်က မဟာဘွဲ့နဲ့ လန်ဒန် စီးပွားရေးပညာကျောင်းက ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပြီး အဲဒီဘာသာရပ်ကိုလည်း အချိန်အတော်ကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး ခုချိန်မှာတော့ ထိုင်ဝမ်ကျွန်းနိုင်ငံရဲ့ နိုင်ငံတကာစိတ်ဓာတ် အရှိဆုံး ခေါင်းဆောင်တယောက်အဖြစ် သဘောထားတာကို ခံလာခဲ့ရပြီ ဖြစ်ပါတယ်။

မျက်မှန်နဲ့ အရင်က ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ သူဟာ မူဝါဒရေးရာ အထူးစူးစိုက် လေ့လာသူတယောက်လည်းဖြစ်ပြီး အဲဒီအချိန်က သမ္မတဖြစ်ခဲ့တဲ့ လီတန်ဝှီးက နိုင်ငံ ၂ ခု သဘောတရားကို ဖန်တည်းရေးမှာ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတခု မဟုတ်တဲ့အကြောင်း သက်သေပြဖို့ ဥပဒေကျွမ်းကျင်သူ တစုကို ဦးဆောင် သုတေသနပြုဖို့ သူ့ကို ရွေးချယ်တာဝန်ပေးပြီး နောက်ပိုင်းမှာ ပိုပြီး လူသိများ ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ၀န်ကြီးအဆင့် အေဂျင်စီတခုဖြစ်တဲ့ ပြည်မရေးရာကောင်စီရဲ့ ဦးစီးခေါင်းဆောင်အဖြစ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ DPP ကို ၀င်ရောက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အရင်သမ္မတ ချင်ရွှေဗျန်း လက်ထက်မှာ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

မစ္စတာချင်နဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု လူပြောသူပြောများလာတဲ့ အချိန်နောက်ပိုင်း ၂၀၀၈ ခုနှစ်မှာ ဆိုင်က DPP ပါတီရဲ့ပုံရိပ်ကို သန့်စင်ပေးနိုင်ခဲ့ပါတယ်။ သူရေးသားတဲ့ စာအုပ်ထဲမှာ ဆိုင်က “ရင့်ကျက်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတခုမှာ အားကောင်းတဲ့ အတိုက်အခံပါတီတခု မရှိလို့ကတော့ ဒီမိုကရေစီ နိုင်ငံရေးဟာ နောက်ပြန်ဆုတ်သွားဖို့ပဲ ရှိတာပေါ့ရှင်” လို့ ရေးသားခဲ့ပါတယ်။ သူက “တကယ်လို့ ကျမလုပ်နိုင်တယ်လို့ သိတဲ့ဟာ တခုကို ကျမက မလုပ်ဖို့ ရွေးချယ်လိုက်တယ်ဆိုရင် ကျမကိုယ်ကျမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူးရှင်” လို့လည်း သူက ရေးသားခဲ့ပါသေးတယ်။

တကယ်တော့ ဆိုင်က သမိုင်းနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်ကို လေ့လာသင်ယူချင်ခဲ့တာပါ။ ဒါပေမယ့် သူ့အဖေက သူ့ရဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ သူ့ကို အကူအညီပေးချင်တဲ့အတွက် သူက ဥပဒေဘွဲ့ကိုပဲ ယူခဲ့တာ ဖြစ်ပါတယ်။ သူက ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ဥပဒေဘွဲ့တွေနဲ့ ကွန်းနဲလ်တက္ကသိုလ် လန်ဒန် စီးပွားရေး ပညာကျောင်းက စီးပွားရေးပညာနဲ့ နိုင်ငံရေးသိပ္ပံဘွဲ့တွေကို ရယူခဲ့ပါတယ်။ ဆိုင်ဟာ လူလေးစားခံရတဲ့ အတွေးအခေါ်သမားတဦး၊ ညှိနှိုင်းရေးသမားတဦး ဖြစ်ပေမယ့် လူထုနဲ့ ထိတွေ့ရတဲ့အခါတွေမှာ ရှက်တတ်ပါတယ်။ DPP က အစဉ်အလာ နိုင်ငံရေးသမားတွေလို ရန်လိုတတ်တာမျိုး လူကြားမှာ မြင်ကောင်းအောင် လှည့်စားဟန်ဆောင် လုပ်ပြတတ်တာမျိုး မရှိဘဲ သူတို့နဲ့ အတော်ကွဲပြားတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ပြည်သူလူထုက သူ့ကို သြဇာရှိ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ဒါမှမဟုတ် စကားပြောကောင်းသူ တယောက်အဖြစ် မမြင်ကြပေမယ့် သူက သူ့ရဲ့ ရိုးသားမှန်ကန်မှု၊ အသိဉာဏ်ပညာရှိမှုနဲ့ ဇွဲလုံ့လတွေနဲ့ ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်က အရင် ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာနဲ့ လက်ရှိ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ်တို့ကို သူ လေးစားအားကျတဲ့အကြောင်း ထုတ်ဖော်ပြောကြားလေ့ ရှိပါတယ်။ သူဟာ ၁၉၈၀ စုနှစ်အတွင်းမှာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ယူခဲ့သူ ဖြစ်တဲ့အတွက် “သံမဏိလိပ်ပြာ” မာဂရက်သက်ချာရဲ့ အရာရာမှာ နှံ့စပ်ကျွမ်းကျင်တတ်တာနဲ့ အားမာန်အတွက် လေးစားအားကျမိသလို ဒေါက်တာ မာကဲလ်ကိုလည်း သူ့ရဲ့ အဆုံးအဖြတ် ပြတ်သားရဲဝန့်မှုကြောင့် လေးစား အားကျမိတာ ဖြစ်တယ်လို့ ဂါဒီးယန်သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ထိုင်ဝမ်နိုင်ငံရဲ့ လွတ်လပ်မှုကို တရားဝင် အားပေး ထောက်ခံခဲ့ပေမယ့် ဆိုင်ကတော့ သူသာ သမ္မတ ဖြစ်လာမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နေမြဲတိုင်း တည်ရှိမှုကို ထိန်းသိမ်းသွားချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်က မူဝါဒရေးရာ စကားစစ်ထိုးပွဲတခုမှာ “၁၉၉၉ ခုနှစ် အများသဘောတူညီမှု” ဖြစ်တဲ့ ‘တရုတ်ပြည်တပြည်ထောင်တည်း’ ရှိတယ်လို့ဆိုတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ KMT အကြား အပြန်အလှန် နားလည်မှုအပေါ် သူ့ရပ်တည်ချက်ကို အခိုင်အမာ ထုတ်ဖော်ပြောဆိုမှု မလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီသဘောတူညီချက်ကို အမျိုးမျိုးဖွင့်ဆို နားလည်ကြပေမယ့် DPP ကတော့ သဘောတူညီချက်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။

ဆိုင်က “ရေလက်ကြားဖြတ်ဆက်ဆံရေးတွေက တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ပါတယ်။ ၁၉၉၂ ခုနှစ် အများသဘောတူညီချက်ကတော့ ရွေးချယ်စရာ တခုပါ။ ဒါပေမယ့် တခုတည်းရှိတာတော့ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ခု ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲဟာ ဆိုင်အတွက် ဒုတိယမြောက် ကြိုးစားမှုပါ။ သူဟာ ၂၀၁၂ ခုနှစ်တုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ပြိုင်ဘက် KMT က မစ္စတာ မာရင်းဂျိုကို ခန့်ညားလောက်တဲ့ မဲ ၄၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ သူက အောင်ပွဲရသွားခဲ့ပါပြီ။

မနှစ်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး ကောင်စီမှာ မိန့်ခွန်းစကား ပြောကြားခဲ့တုန်းက ထိုင်ဝမ်ပြည်သူတွေ အနေနဲ့ အမျိုးသမီးသမ္မတ တယောက်ကို လက်ခံဖို့ အဆင်သင့်ရှိရဲ့လား ဆိုတာကို ထည့်သွင်း ပြောဆိုသွားခဲ့ဖူးပါတယ်။ သူက… “ဟုတ်ပါတယ်၊ တချို့ ထိုင်ဝမ်ပြည်သူတွေက အတော်လေး အစဉ်အလာအတိုင်း ရှိနေကြသေးတော့ အမျိုးသမီးသမ္မတ တယောက်ကို စဉ်းစားပေးဖို့ တွန့်ဆုတ်နေကြမှာပါပဲ။ ဒါပေမယ့် လူငယ်မျိုးဆက်သစ်တွေကြားမှာတော့ ကျမထင်ပါတယ်၊ သူတို့တွေဟာ အမျိုးသမီး ခေါင်းဆောင်တယောက် ရရှိလာရင် ဆိုပြီး အများအားဖြင့် စိတ်ဝင်စားမှု ရှိနေကြပါလိမ့်မယ်။ သူတို့က အဲဒါဟာ ခေတ်နဲ့ညီညွတ်တဲ့ကိစ္စ တခုပဲလို့ ထင်ကြမှာပါ” လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ခုတော့ သူဟာ ထိုင်ဝမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ တယောက် ဖြစ်လို့လာပါပြီ။ သူ့ရဲ့ အသိဉာဏ်ပညာ၊ ရိုးသားထက်မြက်မှု၊ ဟန်ဆောင်မှု ကင်းမဲ့မှုနဲ့ အားကောင်းခိုင်မာတဲ့ ညှိနှိုင်းဆွေးနွေးတတ်မှု၊ သည်းခံတတ်မှု စတဲ့ အရည်အချင်းတွေကြောင့် အာရှရဲ့ အင်ဂျလာ မာကဲလ်များ ဖြစ်လာလေမလားလို့ ဒေသတွင်းနဲ့ နိုင်ငံတကာက မျှော်လင့်စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

ဟောင်ကောင်ဘက်ပတစ်တက္ကသိုလ်က တရုတ် ထိုင်ဝမ်ဆက်ဆံရေး လေ့လာသူတဦးဖြစ်တဲ့ ပါမောက္ခ ယန်းပီယာရေး ကာဘက်စတန်ကတော့ ဆိုင်ဟာ လွတ်လပ်တဲ့ ထိုင်ဝမ်အယူအဆကို ထောက်ခံတဲ့ DPP ကဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့ နေမြဲတိုင်း အခြေအနေကို ထိန်းသိမ်းဖို့ စိတ်ဝင်စားတဲ့ အတော်လေး သဘောထား ပျော့ပြောင်းတဲ့ သူတဦးလို့ ဆိုပါတယ်။ သူက.. “မာဂရက်သက်ချာနဲ့ နှိုင်းယှဉ်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် ပိုပြီး တိတိကျကျ နှိုင်းယှဉ်လို့ ရတာကတော့ ဂျာမဏီက အင်ဂျလာ မာကဲလ်ပါ။ ဘာလို့ဆိုတော့ သူက အများသဘောတူညီမှုတခု တည်ဆောက်ဖို့ ကြိုးစားနေလို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။  မကြာခင် တွေ့လာကြရတော့မှာပါ။     ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013