DVB Logo
Home
မြန်မာသတင်း
တွေ့​ဆုံ​နွေး​ဆွေး​ရေး​အ​ပေါ် ပါတီများ​ အမြင်ကွဲပြား
DVB
·
July 26, 2011
တွေ့​ဆုံ​နွေး​ဆွေး​ရေး​အ​ပေါ် ပါတီများ​ အမြင်ကွဲပြား
Donate to DVB

မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံမှုနဲ့​ပတ်သက်လို့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေက ​မျှော်လင့်​ချက်နဲ့​ အ​ကောင်း​မြင်တာ​တွေ​ရော၊​ သတိနဲ့​စောင့်​ကြည့်​တာ​တွေ​ရော ရှိ​နေပါတယ်။

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင်​ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရကိုယ်စား​လှယ် ဦးအောင်ကြည်တို့​ရဲ့​ ​တွေ့​ဆုံမှုဟာ ​နောက်ပြန်ဆုတ်လို့​ မရ​တော့​တဲ့​ အ​ခြေအ​နေဖြစ်ပြီး​ အစိုး​ရဘက်က အရင်လို ဖိအား​တွေ​ရှောင်ဖို့​ ဟန်ပြသ​ဘောမျိုး​လုပ်ဖို့​ မဖြစ်နိုင်​တော့​ဘူး​လို့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။

[caption id="attachment_13263" align="alignright" width="310" caption="​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“အခုဟာက နှစ်ဖက်စလုံး​က​တော့​ တိုင်း​ပြည်နဲ့​ လူမျိုး​အတွက် အကျိုး​ရှိမယ့်​ ဟာ​တွေအတွက်ကို လမ်း​ဖွင့်​ထား​တယ်။ ဆက်​ဆောင်ရွက်မယ်။ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ လမ်း​ကြောင်း​ကို သွား​မယ်ဆိုပြီး​ အတိအလင်း​ပြောဆိုတဲ့​တော့​ ဒီကိစ္စက ​နောက်ပြန်ဆုတ်လို့​ မရ​တော့​ဘူး​။ ​နောက်ပြန်ဆုတ်ရင်လည်း​ ​ထောက်ပြစရာ အ​ကြောင်း​ရှိတယ်။ လွှတ်​တော်ထဲမှာ ကျ​နော်တို့​ ပါတီထဲကလည်း​ ​မေး​မှာ​ပေါ့​။ တိုင်း​ပြည်နဲ့​လူမျိုး​အတွက်ကို ဦး​အောင်ကြည်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​တဲ့​အခါမှာ ပထမဦး​စွာ ​တွေ့​ခဲ့​တယ်။ ဒုတိယအကြိမ် ဆက်​တွေ့​တဲ့​အခါမှာ ဒီ​လောက်ပဲ ​ရှေ့​ဆက်မတိုး​နိုင်ဘူး​ဆိုရင် အစိုး​ရဘက်က ဘာ​ကြောင့်​ မတိုး​ရတာလဲ၊​ ဘယ်အ​ခြေခံ​တွေ​ကြောင့်​ မတိုး​သလဲ။ တိုင်း​ပြည်နဲ့​လူမျိုး​ အကျိုး​ကို မ​ဆောင်ရွက်ချင်ဘူး​လား​။ ​ဆောင်ရွက်ချင်တာလား​။ သိလိုပါတယ်လို့​ ကျ​နော်တို့​ ​မေး​ရမှာ​ပေါ့​။ ကျ​နော်တို့​ ပါး​စပ်​ပေါက်​တွေ တိုး​လာပြီ​လေ။ လွှတ်​တော်ထဲမှာ အား​လုံး​ရှိ​နေတဲ့​ ပါး​စပ်​ပေါက်​တွေ တိုး​လာသလို၊​ နိုင်ငံ​ရေး​ပါတီ​တွေလည်း​ ရှိလာပြီဆို​တော့​ ဒီကိစ္စကြီး​ကို ရပ်ထား​ပြီး​ ဟန်ပြ​လောက် ဖိအား​တွေများ​လာလို့​ ထိန်း​ထား​တယ်ဆိုရင်​တော့​ လုပ်တဲ့​လူ​တွေ မှား​မှာပဲ။ ပြည်သူလူထုရဲ့​ ဆန္ဒက ပါလာပြီ။ ဟိုတုန်း​က ပြည်သူလူထုရဲ့​ ဆန္ဒမပါဘူး​လေ။ တဗိုလ်တမင်း​ အုပ်ချုပ်တဲ့​ခေတ်။ ​ခေတ်ချင်း​က ကွာသွား​ပြီ။”

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ပါတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ သန်း​ငြိမ်း​ကလည်း​ ​တွေ့​ဆုံး​ဆွေး​နွေး​ရေး​က​နေ ​ရှေ့​မှာ အလား​အလာ ကောင်း​တွေဖြစ်လာမယ်လို့​ ​မျှော်လင့်​နေပါတယ်။

“​တွေ့​ဆုံတယ်ဆိုတာလည်း​ ​ကောင်း​ပါတယ်။ ​နောက်ပြီး​တော့​ ​တွေ့​ဆုံပြီး​တော့​ သူတို့​ နှစ်​ယောက်လုံး​ပြောတဲ့​ စကား​မှာလည်း​ အလား​အလာ သိပ်မဆိုး​ပါဘူး​။ ​ရှေ့​မှာ အလား​အလာ ​ကောင်း​လာတဲ့​ သ​ဘောမျိုး​ မြင်လာရတယ်​လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ အ​ခြေခံနဲ့​ ကြည့်​မယ်ဆိုရင်​တော့​ ဒီလို​ပြောတာဆိုတာ ကျ​နော်တို့​က ကြိုဆိုရမှာ​ပေါ့​။ အား​ပေး​ရမှာ​ပေါ့​။”

မ​နေ့​တုန်း​က တနာရီ​ကျော်ကြာ​တွေ့​ဆုံမှုနဲ့​ပတ်သက်လို့​ ​ဆွေး​နွေး​ပွဲအပြီး​ ပူး​တွဲ​ကြေညာချက်မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​၊​ စိတ်ဝမ်း​ ကွဲပြား​မူ ပ​ပျောက်​ရေး​၊​ အများ​ပြည်သူ အကျိုး​ဖြစ်ထွန်း​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​ကြပြီး​ နှစ်ဖက်စလုံး​က ​ကျေနပ်မှုရှိကြတယ်လို့​ ဆိုထား​ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦး​သု​ဝေက​တော့​ ​ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကိုကြည့်​ပြီး​ အ​ကောင်း​ဘက်ကို ဦး​တည်သွား​မယ်လို့​ ​မျှော်လင့်​ထား​နေပါတယ်။

“နံပါတ်တစ်က​တော့​ ​တွေ့​တာ​ကောင်း​တာ​ပေါ့​။ ​နောက်ပြီး​ ကြား​ရတဲ့​သတင်း​က​တော့​ သူတို့​ဆွေး​နွေး​တဲ့​ ​ခေါင်း​စဉ်သုံး​ရပ်​ပေါ့​။ အဲဒီ​ခေါင်း​စဉ်​တွေကလည်း​ အင်မတန်​ကောင်း​တဲ့​ ​ခေါင်း​စဉ်​တွေပါပဲ။ ဒါ​ပေမယ့်​ ဘယ်​လောက်ထိ​အောင် ​ပြေ​ပြေလည်လည် ​ဆွေး​နွေး​သွား​နိုင်သလဲ ဆိုတာ​တော့​ ကျ​နော်တို့​လည်း​ မသိ​သေး​ဘူး​ပေါ့​။ အဲဒီ​ခေါင်း​စဉ်​တွေအရ နှစ်ဖက် နား​လည်မှုရသွား ပြီး​ ​ပြေ​ပြေလည်လည် ဖြစ်သွား​မယ်ဆိုရင်​တော့​ အင်မတန်​ကောင်း​တာ​ပေါ့​။”

ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စောသန်း​မြင့်​ က​တော့​ ​ဆွေး​နွေး​ပွဲမှာ ​ကောင်း​တဲ့​ လက္ခဏာလို့​ ​ပြောပါတယ်။

“မ​နေ့​က​တော့​ ​ကောင်း​တဲ့​လက္ခဏာလို့​ သုံး​သပ်တယ်။ အရင်အစိုး​ရ လက်ထက်တုန်း​က ​တွေ့​ခဲ့​တဲ့​ အချိန်တုန်း​က​တော့​ အဆင်မ​ပြေဘူး​လို့​ ကြား​တယ်။ မ​နေ့​က​တော့​ ပူး​တွဲသတင်း​ထုတ်ပြန် ​ကြေညာတယ်။ ပြည်တွင်း​ပြည်ပ သတင်း​ထောက်​တွေလည်း​ ​တွေ့​ရတယ်ဆို​တော့​ ​ကောင်း​တဲ့​လက္ခဏာလို့​ စပြီး​တော့​ မြင်လာတာပါ။”

တချိန်တည်း​မှာ မြန်မာပြည်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဖမ်း​ဆီး​ထား​တာ၊​ တိုင်း​ရင်း​သား​ဒေသမှာ ​လော​လောဆယ် အစိုး​ရက စစ်ပွဲ​တွေကို ဆင်နွှဲ​နေတာ​တွေကို ​ထောက်ပြပြီး​၊​ ဦး​သိန်း​စိန် အစိုး​ရမှာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ လိုလား​တဲ့​ နိုင်ငံ​ရေး​ဆန္ဒရှိပါ့​မလား​ဆိုတဲ့​အ​ပေါ် သံသယနဲ့​ ​စောင့်​ကြည့်​ နေတာ​တွေလည်း​ ရှိ​နေပါတယ်။

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ ဒုဥက္ကဋ္ဌ ဦး​အုန်း​တင်က ​ဆွေး​နွေး​ပွဲအ​ပေါ် အ​ကောင်း​မြင်သလို၊​ တဘက်မှာလည်း​ ချိန်ဆရမှာ​တွေရှိ​နေတယ်လို့​ ဆိုပါတယ်။

“ကျ​နော်တို့​က နည်း​နည်း​ချိန်ဆ​နေတဲ့​ သ​ဘောထား​လေး​တွေ ရှိတယ်။ မတ်လ ၃၁ ရက်​နေ့​က သမ္မတကြီး​ ဦး​သိန်း​စိန် ​ပြောသွား​သလို​ပေါ့​။ သူက သူ့​ပါတီ၊​ သူ့​အစိုး​ရအဖွဲ့​ လုပ်ရမယ့်​ လုပ်ငန်း​စဉ်၊​ Good Government၊​ Clear Government စသည်ဖြင့်​ ​ပြောသွား​တာ​တွေ ရှိတာ​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒီ​နေ့​အချိန်ထိ ​ပြောရုံ​လောက်နဲ့​ အ​ကောင်အထည် မ​ပေါ်လာတဲ့​အခါကျ​တော့​ ဒါ​တွေက ဘယ်​လောက်ထိ အချိန်ကြာမလည်း​ဆိုတာ​တော့​ ​ပြောလို့​မရ​သေး​ဘူး​။ အလား​တူပဲ အခု​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံတဲ့​နေရာမှာ သူတို့​ရဲ့​ ​ပြောဆိုတဲ့​ စကား​တွေအ​ပေါ်မှာ အား​ရ​ကျေနပ်မှု ရှိပါတယ်။ ဒါ​ပေမယ့်​ ဒီဟာ​တွေကို အ​ကောင်အထည်​ဖော်ရမယ့်​ အချိန်ကာလကို ​စောင့်​ကြည့်​ရမယ် ဖြစ်ပါတယ်။”

ပြည်ပမှာ အ​ခြေစိုက်တဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြောခွင့်​ရသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​က​တော့​ နိုင်ငံတကာကို လှည့်​စား​ဖို့​ လုပ်ရပ်လား​ဆိုတာကို ​စောင့်​ကြည့်​ရမယ်လို့​ အခုလို​ပြောပါတယ်။

“ကျ​နော်တို့​အမြင်က​တော့​ ​စောင့်​ကြည့်​ဖို့​လို​သေး​တယ်လို့​ ထင်ပါတယ်။ အရင်က အ​တွေ့​အကြုံအရဆိုရင်​တော့​ စစ်အစိုး​ရက သူတို့​လိုချင်တဲ့​ ကိစ္စတခုအတွက် ပြည်တွင်း​မှာ မျက်လှည့်​တွေပြ​လေ့​ရှိပါတယ်။ အရင်တုန်း​ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည် ​တွေ့​ဆုံတယ်ဆိုတာက မပြီး​နိုင် မဆုံး​နိုင် ဇာတ်​မျောကြီး​ တခုလို ဖန်တီး​ထား​ပြီး​ ​နောက်က သူတို့​ရဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေ​တွေတို့​၊​ ​ရွေး​ကောက်ပွဲတို့​ကို အဲဒါ​တွေကို တွန်း​လုပ်သွား​တဲ့​ဟာမျိုး​ ရှိပါတယ်။ အခုလည်း​ အဲဒီလို ရည်မှန်း​ချက်တခုအတွက် ဒီဟာကို သူများ​တွေရဲ့​ အာရုံကို စွဲ​ဆောင်နိုင်​အောင်၊​ အထူး​သဖြင့်​ နိုင်ငံတကာရဲ့​ အာရုံကို စွဲထား​နိုင်​အောင် လုပ်တဲ့​ဟာလား​၊​ ​စောင့်​ကြည့်​ရမယ်လို့​ထင်ပါတယ်။ ​ပြောရမှာ ​စောပါ​သေး​တယ်။ ကျ​နော်တို့​က​တော့​ ဝမ်း​သာမ​စော​စေချင်ဘူး​။ လက်​တွေ့​ထဲကပဲ အ​ဖြေရှာချင်တယ်။”

တနင်္လာ​နေ့​က တနာရီ​ကျော်ကြာ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်လို့​ ​ဒေါ်​အောင်ဆန်း​ကြည်နဲ့​ ဦး​အောင်ကြည်တို့​က နှစ်ဖက်စလုံး​က ​ကျေနပ်မှုရှိတဲ့​ ပူး​တွဲ​ကြေညာခဲ့​သလို၊​ ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ်ကလည်း​ ဒီ​တွေ့​ဆုံမှုက​နေတဆင့်​ အပြန်အလှန်နား​လည်မှု​တွေဖြစ်ထွန်း​ဖို့​ ​မျှော်လင့်​တဲ့​ အ​ကြောင်း​ ​ကြေညာချက် ထုတ်ပြန်ကြိုဆိုထား​ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013