တာချီလိတ်တွင် ထိုင်းနိုင်ငံသားနှစ်ဦးထံမှ လက်နက်နှင့်ကျည်များ ဖမ်းမိ
DVB
·
January 27, 2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်က တည်းခိုခန်းတခုမှာ လာရောက် တည်းခိုနေတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးဆီကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
တာချီလိတ်မြို့မ ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၂၅ ရက် သန်ခေါင်းကျော် ၁၂ နာရီ ၁၅ မိနစ်က ထိုင်းနိုင်ငံသား တဦး ပစ္စတိုသေနတ် တလက်နဲ့ ရောက်ရှိနေကြောင်း သတင်းအရ ဇန်န၀ါရီ ၂၆ ရက် မနက်ပိုင်းက ၀င်ရောက်ရှာဖွေရာက အခုလို ဖမ်းဆီးရမိတာလို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီ့တည်းခိုခန်းကို ၀င်ရောက်ရှာဖွေရာ အခန်းအတွင်းမှာ ထိုင်းနိုင်ငံသား ဇနီးမောင်နှံကို တွေ့ရှိရပြီး၊ သူတို့ အိပ်ရာဘေးမှာ မူးယစ်ဆေးဝါးရှူရာမှာ အသုံးပြုတဲ့ ပိုက်တပ်လျက် ဖန်ပုလင်း ၁ လုံး၊ အစ္စရေး နိုင်ငံလုပ် ပစ္စတိုသေနတ် ၁ လက်နဲ့ ကျည်ကတ်၊ ကျည်ဘူး အပါအဝင် စုစုပေါင်းကျည် ၁၁၈ တောင့် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးကိုတော့ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂ (က)/၁၂ (ဂ)အရ တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။