Home
မြန်မာသတင်း
ကံစမ်းမဲထည့်သွင်းထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ပရီမီယာကော်ဖီ ရှင်းလင်း
ပိုင်စိုး
·
January 27, 2016
ပရီမီယာ ကော်ဖီမစ်ထုပ်တွေထဲ ကံစမ်းမဲ ထည့်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပရီမီယာကော်ဖီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ပရီမီယာကော်ဖီနဲ့ နို့မှုန့်တွေမှာ ကံစမ်းမဲ ထည့်ပေးထားတယ်ဆိုတဲ့နောက် ကျေးဇူးတင်ပါတယ် ဆိုတာကိုပဲ အများဆုံး တွေ့နေရလို့ သောက်သုံးသူတွေရော၊ အွန်လိုင်းမှာပါ ဝေဖန်ခံနေရတာပါ။ “ကံစမ်းမဲကာလက ကုန်တော့မယ်တောင် ထင်တယ်။ ခုထိတော့ ဆုကြီးတွေ မပေါက်သေးဘူး။ တခါသောက် အထုပ်လေးတွေတော့ ပေါက်ကြတယ်” လို့ ယုဇနပလာဇာနားက လက်ဖက်ရည်ဆိုင်ရှင် ကိုမင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီအတွက် ဇန်နဝါရီ ၂၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သိန်း ၁၀၀၀ ဆု၊ သိန်း ၁၀၀ ဆုနဲ့ ၁၀ သိန်းဆုတွေကို စုစုပေါင်း  ၁၀၁ ခုပဲ ထည့်ထားတာလို့ ဆိုပါတယ်။ “ကောင်းတဲ့ဘက်က ပြန်စဉ်းစားမယ်ဆိုရင်တော့ ပရီမီယာကော်ဖီက ခုဆိုရင် သင့်ခယူ ကော်ဖီလို့ နာမည်အသစ်ရသွားတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေအနေနဲ့ ဒါကို မေ့တော့မှာ မဟုတ်ဘူးလို့ ထင်တယ်။ သင့်ခယူလို့ သရော်နေတာတွေအတွက် တခုခု ပျော်အောင်လို့ လုပ်ပေးချင်တယ်။ ခုတော့ မပြောသေးဘူး” လို့ ပရီမီယာကော်ဖီရဲ့ ဈေးကွက်ဌာနမှူး ဒေါ်ယဉ်ဝေပြုံးက ပြောပါတယ်။ လက်ရှိအထိမှာတော့ ဆုမဲပေါက်သူ ၃၆ ဦး ရှိပြီလို့ သူတို့က ဆိုပါတယ်။ “ဒီနေ့အထိ သိန်း ၁၀၀ ဆုရှင် ၁၉ ဦးနဲ့ ၁၀ သိန်းဆုရှင် ၁၇ ဦး ပေါ်ထွက်လာပါပြီ။ အစကတော့ ဆုမဲက ၁၀၁ မဲပဲ ဖြစ်ပေမယ့် နောက်ထပ် ၁၀ သိန်းဆု အဆု ၂၀ ထပ်ပေးဖို့ ရှိပါတယ်” လို့ Senior Brand Manager ဒေါ်အိအိဟန်က ပြောပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ကံစမ်းမဲပေးတာတွေမှာ မသမာတာတွေ ရှိတယ်လို့လည်း ဝေဖန်တာတွေ ရှိနေတာပါ။ “အမြတ်တွေ အများကြီးရနေလို့ စားသုံးသူတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကံစမ်းမဲပေးတယ်ဆိုရင် ကောင်းတာပေါ့။ ဒီလိုမဟုတ်ပဲ ကုန်ပစ္စည်းတန်ဖိုးမှာ ကံစမ်းမဲအတွက်ပါ ထပ်ဆောင်းပြီး စားသုံးသူက ခံရတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ ပြီးတော့ တကယ်မပါဘဲ ပါတယ်လို့ လှည့်ဖျားတာမျိုးကလည်း မကောင်းပါဘူး” လို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်သူများအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ လူသုံးကုန်ပစ္စည်းတွေမှာ ကြော်ငြာတဲ့အတိုင်း ၀န်ဆောင်မှုမပေးဘူးရင် အရေးယူလို့ရတယ်လို့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024