A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်ဓာတ်ပုံ ဂျာနယ်မျက်နှာဖုံး​ပေါ် ​ဖော်ပြခွင့်​ရ

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံတဲ့​ သတင်း​ဓာတ်ပုံကို ဒီ​နေ့​ထုတ် ဂျာနယ်အ​တော်များ​များ​ရဲ့​ မျက်နှာဖုံး​မှာ ​ဖော်ပြခွင့်​ပေး​ခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဗုဒ္ဓဟူး​နေ့​ထုတ် ​ပေါ်ပြူလာနယူး​စ်ဂျာနယ်ရဲ့​ မျက်နှာဖုံး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အာဇာနည်​နေ့​အခမ်း​အနား​တက်​ရောက်တဲ့​ပုံကို ဦး​အောင်ဆန်း​ဦး​ တက်​ရောက်တဲ့​သတင်း​ ဓာတ်ပုံနဲ့​ အတူ စတင်​ဖော်ပြခွင့်​ပေး​ခဲ့​တာ ဖြစ်ပါတယ်။ ဒီက​နေ့​ထုတ် ပြည်သူ့​ခေတ်၊​ ပြည်မြန်မာ၊​ ရန်ကုန်တိုင်း​မ် စတဲ့​ဂျာနယ်​ မျက်နှာဖုံး​တွေမှာလည်း ဖော်ပြခွင့်​ရခဲ့​တာပါ။ အခုလို ​ဖော်ပြခွင့်​ပေး​တာနဲ့ ​ပတ်သက်ပြီး​ စာ​ရေး​ဆရာ၊​ အယ်ဒီတာ ဆရာ​ကျော်ရင်မြင့်​က “အင်မတန်မှ ဝမ်း​မြောက်စရာ​ကောင်း​တဲ့​ ကြိုဆိုစရာ တခုလို့​ မြင်ပါတယ်။ အဲဒီလို ခွင့်​ပြုချက်​ပေး​တာ အမြဲတမ်း​ ဖြစ်​နေဖို့​တော့​ လိုတယ်။ လိုတဲ့​အခါ​ပေး​လိုက်၊​ မလိုတဲ့​အခါ ပြန်ထုတ်သွား​လိုက်ဆိုရင် နည်း​နည်း​ အထင်မြင်လွဲစရာ ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ ဒီလိုခွင့်​ပြုမယ်ဆိုရင် တ​လျှောက်လုံး​ပဲ ဒီလို လွတ်လွတ်လပ်လပ်ကြီး​ ခွင့်​ပြုတာ ကျ​နော်တို့​ ကြိုဆိုပါတယ်” လို့​ ​ပြောပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က လွတ်လာတုန်း​က ဓာတ်ပုံ​တွေကို အချပ်ပိုအဖြစ် ထည့်​သွင်း​ခွင့်​ပြုခဲ့​ပြီး​၊​ ဂျာနယ်​တွေက အဖုံး​တင်ထုတ်​ဝေခဲ့​လို့​ ဂျာနယ် ၉ ​စောင် ​ခေတ္တအပိတ်ခံခဲ့​ရ ဖူး​ပါတယ်။ အဲ့​ဒီ​နောက်ပိုင်း​မှာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည် သတင်း​နဲ့​ သတင်း​ဓာတ်ပုံ​တွေကို ဂျာနယ်​တွေရဲ့​ အတွင်း​စာမျက်နှာ​တွေမှာ ​ဖော်ပြခွင့်​ပေး​လိုက်၊​ မ​ပေး​လိုက် လုပ်ခဲ့​တာပါ။

A d v e r t i s e m e n t With Us

More News
Up