DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ်ကို အစိုးရတပ် ၀ိုင်းရံဆဲ
DVB
·
July 25, 2011
ရှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ်ကို အစိုးရတပ် ၀ိုင်းရံဆဲ
Donate to DVB

ရှမ်းပြည်တပ်မတော်ရဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို အစိုးရတပ်က တပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တပတ်ကျော်တဲ့အထိ ၀င်ရောက်တိုက်ခိုက်ခြင်း မရှိဘဲ ဆက်လက် ၀ိုင်းရံထားပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ရဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ အစိုးရတပ်တွေဟာ တပ်ရင်းပေါင်း ၁၇ ရင်း၊ စစ်သည်အင်အား ၁၀၀၀ ကျော်နဲ့ ၀မ့်ဟိုင်းဌာနချုပ် ပတ်ပတ်လည်ကို ၀ိုင်းရံချဉ်းကပ်လာတာ အခုဆိုရင် တဖာလုံလောက် အကွာမှာ ရပ်တန့်နေပါတယ်။

ဒီဌာနချုပ်ကို တပတ်အတွင်း တိုက်ခိုက်သိမ်းယူမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က အမိန့်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း တပတ်ကျော်လာတဲ့အထိ အခြေအနေ ငြိမ်သက်နေပါတယ်။

ဒီကြားထဲမှာ အစိုးရတပ်က လေယာဉ်ပျံနဲ့ လာတိုက်မယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ခန့်မှန်းပြောဆိုထားပေမယ့်လည်း ကနေ့အထိ လေယာဉ်လာတာ မရှိသေးပါဘူး။

ဒါပေမယ့် ရှမ်းပြည်တပ်မတော်ဘက်ကတော့ သတိအနေအထားနဲ့ ခုခံတိုက်ခိုက်ဖို့ အသင့်ရှိကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“သတင်းရထားတာက သူတို့ အဓမ္မ ပြန်တိုက်မလား၊ ဒါမှမဟုတ် သူတို့ အသေခံ တပ်တွေကို လေးငါးရာလောက် ၀မ်ဟိုင်းကို လာတိုက်ဖို့ လုပ်နေတာပေါ့။ ကျနော်တို့ကို လာတိုက်တဲ့တပ်က အခြားတပ်နဲ့ ချိန်းပြီးလာတိုက်မယ်လို့တော့ ကြားတယ်။ ဖိုးဖက်နယ်မြေမှာ အခြေစိုက်နေတဲ့ တပ်မ ၃၃ ပေါ့။ ၀မ်ဟိုင်းမှာ ဘာမှမရှိပါဘူး။ ကျနော်တို့ဌာနချုပ်ဆိုတော့ သိမ်းလိုက်ရင် ကျနော်တို့ ခြေကုပ်ဖို့ နေရာမရှိဘူးလို့ သူတို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့ အတွက်တော့ မဆန်းပါဘူး။ နယ်လှည့်ပြီးတော့ ရောက်တဲ့နေရာ ကျနော်တို့ ဌာနချုပ်လုပ်မှာပဲ။ ကျနော်တို့က အဖိနှိပ်ခံရတဲ့ လူတန်းစားဆိုတော့ ဘယ်လိုဖြစ်ဖြစ် အသေခံပြီးတော့ တိုက်သွားမယ်။”

အစိုးရတပ်က ၀မ်ဟိုင်းကို ၀ိုင်းထားတဲ့အတွင်း တခြားဒေသတွေမှာလည်း ခြုံခိုတိုက်ပွဲငယ်တွေ နေ့တိုင်းလို ဖြစ်ပွားနေပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ အစိုးရတပ်ဘက်က ဒဏ်ရာရသူ ၂၅၀ လောက်၊ ဗိုလ်မှူးကြီး တဦးအပါအ၀င် ကျဆုံးသူ အနည်းဆုံး ၃၀ လောက်ရှိပြီး ရှမ်းတပ်မတော်ဘက်က  ကတုတ်ကျင်းနဲ့ ကျောက်ဆောင်တွေ ကြားကနေ ကွယ်ပြီးတိုက်တော့ ထိခိုက်ကျဆုံးတာ နည်းပါးတယ်လို့ ဗိုလ်မှူးစိုင်းလက ဆက်ပြောပါတယ်။

ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က လွန်ခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ ရှမ်းပြည်တပ်မတော်ရဲ့ ခြေကုပ်စခန်း ၅ ခု လက်လွှတ်ခဲ့ရတယ်၊ ချုံခိုတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲတွေ အကြိမ်ပေါင်း ၉၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

တိုက်ပွဲတွေ ဘယ်တော့ပြီးဆုံးမယ်မသိတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေး ပုန်းရှောင်နေတဲ့ ရွာသားတွေလည်း ခုထိအိမ်မပြန်နိုင်ကြသေးပါဘူး။

လွတ်နေတဲ့ တချို့အိမ်တွေမှာ အစိုးရတပ်တွေက  ၀င်ရောက်စခန်းချပြီး ဆန်၊ ဆီ၊ ဆား စတာတွေကို ယူနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၆၀ လောက်ရှိတဲ့ နမ့်ပုတ်ရွာ တရွာလုံး ဗမာစစ်သားတွေနဲ့ ပြည့်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

“စကခ - ၂ လက်အောက်ခံ ဗျူဟာမှူး ကိုယ်တိုင် ပါဝင်တယ်၊ ဒါကြောင့် အိမ်မပြန်ရဲဘူး၊ ပြန်ရင် ဖမ်းဆီးစစ်ဆေး ရိုက်နှက်တာ ခံရမယ်။ မိန်းကလေးတွေက မုဒိမ်းကျင့်ခံရမှာစိုးလို့ အ၀တ်အစားတောင် ပြန်မယူရဲဘူး။ တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်း ၅ ကျောင်းက ကလေးတွေလည်း အခုထက်ထိ ကျောင်းပြန် မတက်နိုင်သေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013